TNLA သိမ်းပိုက်ထားသည့် မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့မြိုများကို TNLA ခေါင်းဆောင်များနှင့် NUG ဝန်ကြီးတို့ သွားရောက်စစ်ဆေး 

TNLA သိမ်းပိုက်ထားသည့် မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့မြိုများကို TNLA ခေါင်းဆောင်များနှင့် NUG ဝန်ကြီးတို့ သွားရောက်စစ်ဆေး 
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် မြို့များကို TNLA ဒုတိယဥက္ကဌအပါတာဝန်ရှိသူများနှင့် NUG ဝန်ကြီးတို့  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ သွားရောက်ကြည့်ရှု  စစ်ဆေးခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်သည်။

TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့၊ မိုင်းလုံ၊ မန်တုံမြို့များကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ်တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် NUG ဖက်ဒရယ်ရေးရာ ဒုတိယဝန်ကြီး မိုင်းဝင်းထူးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။



 

ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် မိုင်းငေါ့မြို့၊ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် မိုင်းလုံမြို့နှင့် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် မန်တုံမြို့ရှိ မြို့အုပ်ချုပ်ရေးကော်မတီတို့နှင့် မြိုအုပ်ချုပ်မှု ပုံမှန်လည်ပတ်စေရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆွေးနွေးခဲ့ကြပြီး ဒေသခံများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

"ယခင် PSLA လက်ထက် လက်နက်အပ်ခဲ့ရသည့် အကြောင်းရင်းအပါအဝင် သိမ်းပိုက်ထားသည့်မြို့များသည် တအာင်းလူမျိုးတစ်မျိုးတည်းသာ နေထိုင်ကြခြင်းမဟုတ်ဘဲ အခြားလူမျိုးများနှင့်အတူနေထိုင်ကြသဖြင့် နေချင်စဖွယ်ကောင်းသည့် မြို့ဖြစ်ပြီး ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်သွားရန်လိုအပ်ကြောင်း" တွေ့ဆုံပွဲတွင် TNLA ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ်တားဂျုတ်ဂျားကပြောသည်ဟု သိရသည်။



 

ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြည်သူလူထုများ၏ ကျန်းမာရေးကုသနိုင်ရေး၊ ရပ်တန့်နေသည့် လူငယ်များ၏ ပညာရေးအား ပြန်လည်သင်ကြားနိုင်ရေးနှင့် လက်ရှိနိုင်ငံရေးအကြောင်းအရာများကို ပြောဆိုခဲ့သည်ဟု သိရသည်။



 

ထို့နောက် ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးမှ NUG၏ နိုင်ငံရေးလမ်းပြမြေပုံနှင့် လက်ရှိ လုပ်ဆောင်ချက်များအား ရှင်းလင်းပေးခဲ့ကာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်းဇားမှ TPCC အကြောင်းနှင့် ဆောင်ရွက်ပြီးစီးသွားသည့် လုပ်ငန်းများကို ပြောဆိုခဲ့သည်ဟု သိရသည်။

တွေ့ဆုံပွဲသို့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ရှမ်း၊ ကချင်၊ လီဆူ စသည့် တိုင်းရင်းသားများ စုစုပေါင်း လူဦးရေ (၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News