ဗန်းမော်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့မှ စစ်သား ၃ ဦး CDM ပြုလုပ်

ဗန်းမော်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့မှ စစ်သား ၃ ဦး CDM ပြုလုပ်
စက်တင်ဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း လှုပ်ရှားနေကြသည့် စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား(၃)ဦး CDMပြုလုပ်လာကြောင်း မြို့လှ K-PDFက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ(၈၈) လက်အောက်ခံတပ် ခလရ(၇၈)တပ်ရင်းမှ တပ်သား ရဝေအောင်၊ နိုင်လင်းဦးနှင့် ခလရ(၄၃၇)မှ တပ်သားဇော်မင်းထွေး တို့သည် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ(၈)၊ အမှတ်(၅)တပ်ရင်း၊ မြို့လှ K-PDF တပ်ရင်းထံ CDM ပြုလုပ်လာခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါ CDM ဝင်ရောက်လာသူ (၃)ဦးကို လူ့ဂုဏ်သိက္ခာများနှင့်အညီ စောင့်ရှောက်ကူညီပေးထားပြီး လိုအပ်သည်များကို ထောက်ပံ့ကူညီ၍ နေရပ်ပြန်နိုင်ရေးအတွက် ကူညီပေးနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေး CDMလှုပ်ရှားမှု့သို့ ဝင်ရောက်လာကြရန်နှင့် K-PDFဘက်မှ အစစအရာရာကို အပြည့်အဝ တာဝန်ယူကာ လက်နက်ဖြင့် CDMဝင်ရောက်လာပါက ထိုက်တန်စွာ ဂုဏ်ပြုဆုချီးမြှင့်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency