မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့များနေထိုင်ရာ နေအိမ် (၂) လုံးကို လက်နက်ငယ်၊ ဗုံးသီးများဖြင့် လာရောက် ပစ်ခတ်မှုဖြစ်ပွား

မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့များနေထိုင်ရာ နေအိမ် (၂) လုံးကို လက်နက်ငယ်၊ ဗုံးသီးများဖြင့် လာရောက် ပစ်ခတ်မှုဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း ) မူဆယ်မြို့ရှိ လူနေရပ်ကွက်(၂) ရပ်ကွက်တွင် ပြည်သူ့စစ်အဖွဲ့များနေထိုင်သော နေအိမ် (၂) လုံးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့ နံနက်အစောပိုင်းက လက်နက်ငယ်များ၊ ဗုံးသီးများဖြင့် လာရောက် ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရသည်။

မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ပန်လုံမိုင်နယ်မြေရှိ မြို့မပြည်သူ့စစ်အဖွဲ့ဝင်နေထိုင်သော နေအိမ်အမှတ်( ၁၁၀ )အား ဇန်နဝါရီလ (၆) ရက်နေ့ နံနက် (၅) နာရီ (၁၀) မိနစ်ခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်ငယ်ဖြင့် (၁၀) ချက်ခန့်၊ ဗုံးသီး (၃) လုံးဖြင့် လာပစ်ခဲ့ရာ နေအိမ်တံခါးအချို့ အနည်းငယ် ပျက်ဆီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

ယင်းနောက် နံနက် (၅) နာရီ မိနစ်(၂၀)ဝန်းကျင်တွင် စွမ်စော်ရပ်ကွက်၊ (၇) လမ်းထိပ်ရှိ သံလွင်စက်သုံးဆီ အရောင်းဆိုင်နှင့် ဘမုံးပေါ်စက်သုံးဆီအရောင်းဆိုင်တို့အကြားရှိ တာမိုးညဲ ပြည်သူ့စစ်၊ ပြိန်းဆာ ပြည်သူ့စစ်အဖွဲ့များနေထိုင်သည့် နေအိမ်သို့ ပျောက်ကျားဝတ် (၃) ဦး ကားတစ်စီးဖြင့်ရောက်လာပြီး (၄၀) မမ ဗုံးသီး (၅) လုံး၊ လက်နက်ငယ်ဖြင့် အချက် (၂၀) ခန့်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ပြီး အဆောက်အဦးအနည်းငယ် ပျက်ဆီးခဲ့သည်။

အခင်းဖြစ်နေရာသို့ ရမခ လက်အောက်ခံ ခလရ ( ၆၇ ) မှ ယာယီတပ်ရင်းမှူးနှင့် မူဆယ်ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့က ရောက်ရှိစစ်ဆေးခဲ့ပြီး ၎င်းနေရာအနီးတစ်ဝိုက်ကို တပ်မတော်မှ လိုက်လံ ရှာဖွေ ရှင်းလင်းနေကြောင်း သိရသည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်

 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...