ဆီဆိုင်မြို့ရှိ ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီးကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့ရှိ ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီးကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး
ဖေဖော်ဝါရီ 4, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင် လေကြောင်းဖြင့် ဗုံးကြဲခြင်းများကြောင့် မြို့ဂုဏ်ဆောင် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦးအချို့ ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် စစ်ကောင်စီတပ်သည် မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး၊ လေကြောင်းတို့မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး ပျက်စီးခဲ့ရခြင်းဖြစ်သည်။

ဇဝနာရာမပရိယတ္တိစာသင်တိုက်သည် သံဃာတော်(၅၀၀)ကျော်ကို ဗုဒ္ဓစာပေများ သင်ကြားပေးကာ အေးချမ်းစွာ သာသနာပြုနေသည့် ပအိုဝ်းဒေသအတွင်းရှိ အကြီးမားဆုံး စာသင်တိုက်ဖြစ်ကာ ပအိုဝ်းတမျိူးသားလုံး အထွဋ်အမြတ်ထားကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်းဖြစ်ကြောင်း သိရသည်။အဆိုပါ စာသင်တိုက်ကို စစ်ကောင်စီမှ ယင်းကဲ့သို့ ဗုံးကြဲဖျက်ဆီးခြင်းသည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဖျက်စီးသည့် လုပ်ရပ်ဖြစ်သည်ဟု PNLAက ထုတ်ပြန်ထားသည်။

ဒါ့အပြင် အဆိုပါ စာသင်တိုက်ကြီးသည် တိုက်ပွဲဖြစ်ပွားသည့်နေရာမဟုတ်ဘဲ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်များရှိသည့် နေရာလည်း မဟုတ်ဟုဆိုသည်။

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ပအိုဝ်းမြို့များ၊ ရွာများကို အလုံးစုံဖျက်ဆီးရန်ရည်ရွယ်၍ တိုက်ခိုက်ခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း (၅)ကျောင်း၊ ဓမ္မာရုံ တစ်ခု၊ ဘုရားရှိခိုးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်းနှင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info