ကော့ကရိတ်မြို့နှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ဖျက်ဆီး လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းကြောင့်‌ နေအိမ်များပျက်စီး

ကော့ကရိတ်မြို့နှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ဖျက်ဆီး လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းကြောင့်‌ နေအိမ်များပျက်စီး
စက်တင်ဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ မယ်တလဲကျေးရွာတွင် စစ်ကောင်စီတပ်က ကျောင်းဆရာမတစ်ဦး၏ နေအိမ်အပါအဝင် နေအိမ်(၃)လုံးနှင့် ကား၊ ဆိုင်ကယ်များကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါမီးရှို့ဖျက်ဆီးမှုများကို ဖိုးချိမူတပ်စခန်းတွင် အခြေစိုက်သော စကခ(၁၃) လက်အောက်ခံ ခမရ(၅၅၈)၊ ခမရ(၅၆၁)နှင့် ခလရ (၉၉၃)တပ်ရင်းများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့က (၁၂၀)မမ လက်နက်ကြီးများဖြင့် မယ်တလဲကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ ကားတစ်စီး ထပ်မံပျက်စီးခဲ့သည်ဟု KNU ဗဟိုက ယနေ့ စက်တင်ဘာလ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ဒေသခံများကို ကျေးရွာအတွင်းသာနေထိုင်ကြရန်နှင့် နေအိမ်အား စွန့်ခွာတိမ်းရှောင်ပါက အိမ်များအား ထပ်မံမီးတင်ရှို့သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟုဆိုသည်။

ထို့အပြင် စက်တင်ဘာလ (၂၃)ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ ခလရ(၂၆၄)တပ်စခန်းမှ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်(၈)လုံး ပျက်စီးခဲ့ပြီး နွား(၂)ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency