မုန်းမြို့အတွင်းရှိ စစ်ရှောင်နေအိမ်များကို စစ်ကောင်စီတပ်က မွှေနှောက်ပြီး ပစ္စည်းများယူသွား

မုန်းမြို့အတွင်းရှိ စစ်ရှောင်နေအိမ်များကို စစ်ကောင်စီတပ်က မွှေနှောက်ပြီး ပစ္စည်းများယူသွား

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့တွင်းတိုက်ပွဲကြောင့် စစ်ရှောင်နေရသည့် ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီတပ်များက ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းများယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ဂိတ်စခန်းနှင့်နီးသည့်နေအိမ်များကို စစ်ကောင်စီတပ်က အဓိကဝင်ရောက်မွှေနှောက်ပြီး ကျန်နေခဲ့သည့်ပစ္စည်းများကို အကုန်ယူဆောင်သွားကြသည်ဟု ဆိုသည်။

“အိမ်တွေကို အဲဒီအတိုင်းထားခဲ့ရတာပေါ့။ ထားခဲ့ရတော့ ကျန်ခဲ့တဲ့ဒလန်တွေက စစ်တပ်နဲ့ပေါင်းပြီးတော့ အိမ်မှာ ကျန်နေတဲ့ပစ္စည်းတွေ အကုန်ယူတာ။ အဝတ်အစားအဟောင်းတွေကအစ။ ကျွန်းတံခါးတွေပါ ဖြုတ်ယူသွားကြတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် ဒေသခံများကို PDFအား ထောက်ပံ့သည်ဟုဆိုကာ အမည်တပ်ခံထားရသူများရှိနေသဖြင့် နေအိမ်သို့မပြန်ရဲခြင်းကြောင့် လက်ရှိအချိန်ထိ စစ်ရှောင်နေကြရသည်ဟု ဆိုသည်။

“PDF ထောက်ပံ့တယ်ဆိုပြီး အမည်တပ်ထားတော့ ဘယ်သူမှမပြန်ရဲကြတော့ဘူး အဲဒီလိုဖြစ်နေကြတာ။ အများအားဖြင့် ပိုက်ဆံရှိတဲ့သူတွေများတယ်။ အိမ်လည်းဆုံး၊ ပစ္စည်းတွေလည်းဆုံး အဲဒီလိုဖြစ်နေတယ်။ အများအားဖြင့် စစ်ကောင်စီဂိတ်စခန်းတွေအနီးက အိမ်တွေပိုများတယ်။”ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။ 

ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များက ပြီးခဲ့သည့်  ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့မှစတင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်ပတ်အတွင်း မုန်းရဲစခန်း၊ ခမရ(၅၉၀)၊ ခမရ (၅၉၉)၊ မုန်းသာစည်တံတား၊ ကော့ပြင်းစစ်ကောင်စီတပ်စွဲထားသည့် နေရာများအား သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော်လည်း တစ်ပတ်ဝန်းကျင်အကြာတွင် စစ်ကောင်စီတပ်များ ပြန်လည်ထိုးစစ်ဆင်လာပြီး KNLA ပူးပေါင်း တပ်များလည်း ပြန်လည်ဆုတ်ခွာခဲ့သဖြင့် စစ်ကောင်စီတပ်က မုန်းမြို့ကို ပြန်လည်ထိန်းချုပ်သွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား(၂၀)ကျော်နှင့် မိသားစုဝင် စုစုပေါင်း (၅၈)ဦးမှာ လက်နက်ချအညံ့ခံသဖြင့် KNLA ပူးပေါင်းတပ်များ ထိန်းသိမ်းခဲ့သည်။ 

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် နေအိမ်အများအပြား ပျက်စီးသွားခဲ့သည်။

#TachileikNewsAgency