ဟိုပုံးမြို့နယ်အတွင်းမှ CDM ပညာရေးဝန်ထမ်းများအား မြို့နယ်ပညာရေးမှူးရုံးက ဖိအားပေးခြိမ်းခြောက်

ဟိုပုံးမြို့နယ်အတွင်းမှ CDM ပညာရေးဝန်ထမ်းများအား မြို့နယ်ပညာရေးမှူးရုံးက ဖိအားပေးခြိမ်းခြောက်
ဧပြီ 24, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင်းမှ CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများအား မြို့နယ်ပညာရေးမှူးရုံးက ဖိအားပေးခြိမ်းခြောက်မှုများ လုပ်ဆောင်လာကြောင်း သိရသည်။

" CDM လုပ်တာက ဘယ်ပါတီကိုမှ ကိုယ်စားပြုပြီး လုပ်နေတာ မဟုတ်ဘူး။ ဘယ်သူမှ ဖိအားပေးလို့၊ တွန်းအားပေးလို့ လုပ်တာမဟုတ်ဘူး။ ကိုယ်တိုင် CDM လမ်းကို ရွေးလျှောက်ခဲ့တာမလို့ အဆုံးထိ တွေးထားပါတယ်။ ဆရာမဖြစ်တဲ့အတွက် ကလေးတွေရဲ့အနာဂတ်အတွက် ကိုယ်က role model ဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်က ခိုင်မာရမယ်။ ကလေးတွေအတွက် လမ်းပြကောင်းဖြစ်ရမယ်။ ဒီမတရားမှုက ပညာရေးဌာနပဲ မဟုတ်ဘူး။ တိုင်းပြည်ကို အဖက်ဖက်က နစ်နာစေတဲ့အတွက် တခြားCDM သမားတွေကို ပြန်ပါမသွားစေချင်ဘူး။ မတရားမှုကို လက်မခံဘဲ ကြောက်စိတ်ကို တွန်းလှန်ကြပြီး  CDM ကို ဆက်တောင့်ခံထားကြဖို့ မျှော်လင့်ပါတယ်"ဟု CDM လုပ်နေသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

 

ဟိုပုံးမြို့နယ်ပညာရေးမှူး၊ လက်ထောက်ပညာရေးမှူးနှင့် စာရေးကြီးတို့က မြို့နယ်တွင်းမှ CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများအား လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်းဆက်၍သော် လည်းကောင်း၊ ကျောင်းအုပ်မှတစ်ဆင့်သော် လည်းကောင်း ဆက်သွယ်၍ CDM လုပ်လျှင် လစာထုတ်မပေးဟု ပြောဆိုခြင်း၊ အလုပ်ဖြုတ်မည်ဟု အကြပ်ကိုင်ပြောဆို ဆဲဆိုခြင်း၊ ၅၀၅က ဖြင့် တရားစွဲခံရမည်ဟု ခြိမ်းခြောက်ခြင်း၊ CDM တွင် မပါဝင်ကြောင်း အတင်းအကြပ် ခံဝန်ထိုးခိုင်းခြင်းအပြင် ယင်းကဲ့သို့ ခံဝန်ထိုးခြင်းကို စာရေးကြီးက ကိုယ်စားလုပ်ဆောင်ပေးမည်ဟု ပြောဆိုလာခြင်းများကို လုပ်ဆောင်နေကြကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်မှုများကြောင့် အချို့ ပညာရေးဝန်ထမ်းများမှာ ဖိအားပေးခြိမ်းခြောက်မှုကြောင့် ခံဝန်ကတိရေးထိုးခြင်းများ လုပ်ဆောင်သွားကြသည်လည်း ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ပညာရေးဝန်ထမ်းများမွမ်းမံသင်တန်းတွင် မတက်သည့် CDM ဝန်ထမ်းများကိုလည်း ပညာရေးမှူးရုံးက တက်ရောက်စာရင်းတွင် ထည့်သွင်းထားပြီး ဘတ်ဂျက်လိမ်တင်သည်ဟုလည်း CDM ဆရာ၊ ဆရာမများထံက သိရသည်။