ကွတ်ခိုင်နှင့် တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်း၊ ပြည်သူ့စစ်များ လက်နက်လာရောက် အပ်နှံနေ

ကွတ်ခိုင်နှင့် တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်း၊ ပြည်သူ့စစ်များ လက်နက်လာရောက် အပ်နှံနေ
နိုဝင်ဘာ 15, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း (၂)ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ကွတ်ခိုင်မြိုနယ်၊ လွယ်ကန်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းအထိုင်ချထားသည့် တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းအတွင်းမှ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

ထို့အပြင် တန်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဆိုင်လျံတပ်စခန်းကိုလည်း TNLAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကွတ်ခိုင်မြို့နယ် စစ်ကောင်စီလက်အောက်ခံ မုံးဟွမ်ပြည်သူ့စစ်အဖွဲ့ဝင်များက TNLAထံ လက်နက် (၇)လက် လာရောက်အပ်နှံခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီလက်အောက်ခံ မုံးပေါ်ပြည်သူ့စစ်အဖွဲ့ဝင်များလည်း နိုဝင်ဘာလ (၁၄)ရက်နေ့တွင် TNLAထံ လက်နက် (၃)လက် လာရောက်အပ်နှံခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရှောက်ဟော်ပြည်သူ့စစ်တပ်စခန်းကိုလည်း နိုဝင်ဘာလ (၁၀)ရက်နေ့တွင် TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 

ယနေ့ နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာလမ်းခွဲ၌ စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo :PSLF/TNLA