တာချီလိတ်မှ ဆိုင်ကယ် showroom ဟုဆိုကာ အွန်လိုင်းမှ လိမ်လည်မှုများကြောင့် ငွေကြေးဆုံးရှုံးသူများနေ

တာချီလိတ်မှ ဆိုင်ကယ် showroom ဟုဆိုကာ အွန်လိုင်းမှ လိမ်လည်မှုများကြောင့် ငွေကြေးဆုံးရှုံးသူများနေ
By Tachileik News Agency

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့မှဟုဆိုကာ Honda Click Myanmar အမည်ဖြင့် Facebook လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် လိမ်လည်နေမှုများကြောင့် ငွေကြေးဆုံးရှုံးရသူများရှိနေကြောင်း သိရသည်။

 ဒီ Honda click Myanmar ဆိုတဲ့ဆိုင်ကယ် showroom page ကနေ အလိမ်ခံလိုက်ရပါတယ်ရှင်။ အဲဒီဆိုင်က တာချီလိတ် လိပ်စာနဲ့ပါ။ လူတိုင်းကြပ်တည်းနေချိန်မှာ ကိုယ်ဆုံးရှုံးရသလို တခြားလူတွေမခံရစေချင်လို့ share တာပါရှင်။

ဟု အွန်လိုင်းမှ ဆိုင်ကယ်ဝယ်သူ၏ မိသားစုဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

Honda Click Myanmar အမည်ဖြင့် အွန်လိုင်းစာမျက်နှာတွင် ဆိုင်ကယ်များကို အရစ်ကျရောင်းချမည်၊ မည်သည့်မြို့ကိုမဆို ပို့သည်ဟုဆိုကာ ဝယ်ယူသူများကို ဆိုင်ကယ်တန်ဖိုးတစ်ဝက်ကို ငွေကြိုလွှဲစေပြီး လိမ်လည်နေခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်မညီမလေးက ဝယ်တာပါ။ ၅၀ ရာခိုင်နှုန်း ကြိုသွင်းရပါတယ်။ အဲဒါ (၅) သိန်းခွဲကို K Pay ကနေ လွှဲလိုက်တာပါ။ ကျွန်မက သိပ်စိတ်မချလို့ သတိပေးပေမဲ့ သူကတအားလိုချင်နေတော့ တားမရဘူး။ ငွေလွှဲပြီး ဆိုင်ကယ်မရောက်လာလို့ သူတို့ page ကဖုန်းနံပါတ်ကို ဆက်တော့ ပြန်ချသွားတယ်

ဟု ဆိုင်ကယ်ဝယ်ယူသူတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးအား လိမ်လည်သွားသည့် Honda Click Myanmar အမည်ဖြင့် ဖွင့်လှစ်ထားသည့် Facebook page သည် ၂၀၁၇ ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့က အစံုသုတ္ အမည်ဖြင့်စတင်ဖွင့်ထားခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် Honda Click Myanmar အမည်ကို ပြောင်းထားသည်ကို တွေ့ရသည်။

တာချီလိတ်ကဆိုတော့ ထိုင်းဘီးရမှာဆိုပြီး ကျွန်တော်လည်း ရှိတာလေးနဲ့ ခြစ်ခြုတ်ဝယ်ဖို့ လွှဲလိုက်တာ။ သူက စိတ်ချပါ ကားတင်တော့မယ်ဆိုလို့ လွှဲပေးလိုက်တာဗျာ။ ငွေလွှဲပြီးကတည်းက ဆက်သွယ်လို့မရတော့ဘူး။ ဘယ်တိုင်ရမှန်းလဲ မသိဘူး။ တိုင်လည်း ဘာမှထူးမှာမဟုတ်ပါဘူး

ဟု နယ်မြို့တစ်မြို့မှ  ဆိုင်ကယ်ဝယ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ယခင် page အမည်များကို  Honda Click Myanmar အမည်သို့ပြောင်းကာ ဆိုင်ကယ်အရောင်းပို့စ်များ တင်ထားသည့် အွန်လိုင်းစာမျက်နှာအချို့ကိုလည်း တွေ့ရပြီး  အချို့အွန်လိုင်းစာမျက်နှာတွင် လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း လိမ်လည်ဖေါ်ပြထားသည်ကို တွေ့ရသည်။

ဆိုင်ကယ်ဆိုင်တွေ၊ showroom တွေက ပုံတွေကို ယူသုံးပြီး လိမ်နေကြတာ။ အုပ်စုလိုက် လုပ်ကြတယ်လို့ ယူဆရတယ်။ အကောင်းဆုံးကတော့ ကိုယ်လက်လှမ်းမီတဲ့၊ ကိုယ်သိတဲ့နေရာက ဝယ်ကြတာကပဲ စိတ်ချရတာပါ။ အရင်က ကျွန်တော်တို့ shoroom က ပုံတွေလည်း ယူသုံးပြီး ငွေလိမ်သွားတော့ နယ်ကလူတွေက ဆိုင်ကို လိုက်လာတာ။ သူတို့ပြမှ ကိုယ့်ဆိုင်ကပုံတွေ၊ လိပ်စာတွေပါ ယူသုံးထားတာ သိရတာ။ တော်တော် ရှင်းပြလိုက်ရတယ်။ ငွေကြိုလွှဲတော့မယ်ဆို သေချာအောင် စိစစ်တာ မမှားပါဘူး။ မသေချာရင် မလွှဲကြပါနဲ့

ဟု ဆိုင်ကယ်အရောင်းဆိုင်ရှင်တစ်ဦးက ဆိုသည်။

အမည်အမျိုးမျိုးဖြင့် အွန်လိုင်းမှ ဆိုင်ကယ်ရောင်းချသည်ဟု ငွေကြိုတင်လွှဲစေပြီး လိမ်လည်မှုများအပြင် အသေးစားငွေချေးလုပ်ငန်းဟုဆိုကာ ငွေချေးယူလိုသူများအား စာရွက်စာတမ်းကြေး ကြိုတင်ပေးသွင်းစေကာ လိမ်လည်မှုများလည်း အများအပြား တွေ့နေရပြီး ယင်းကဲ့သို့လိမ်လည်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက မည်သည့်အခါကမှ ဖေါ်ထုတ်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။