ကျိုင်းတုံမြို့တွင် ဆိုင်ကယ်ပါဝါ အိတ်ဇောကြီးများ တပ်ဆင်မောင်းနှင်သည့် လူငယ်များကို ဖမ်းဆီးစစ်ဆေးကာ အုပ်ထိန်းသူများကို ခေါ်ယူပြီး ခံဝန်ဂတိ လက်မှတ်ထိုး

အိတ်ဇောအသံကို နားထောင်ခံစဉ်
အိတ်ဇောအသံကို နားထောင်ခံစဉ်
ကျိုင်းတုံမြို့တွင် ဆိုင်ကယ်ပါဝါ အိတ်ဇောကြီးများ တပ်ဆင်မောင်းနှင်သည့် လူငယ်များကို ဖမ်းဆီးစစ်ဆေးကာ အုပ်ထိန်းသူများကို ခေါ်ယူပြီး ခံဝန်ဂတိ လက်မှတ်ထိုး
ဇွန် 27, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် လူငယ်များမှ ဆိုင်ကယ်ပါဝါအိတ်ဇောကြီးများဖြင့် အသံကျယ်လောင်စွာ မောင်းနှင်သွားလာမှုများရှိနေ၍ ယာဉ်ထိန်းရဲတပ်ဖွဲ့က အသွင်ယူစောင့်ဆိုင်းဖမ်းဆီး စစ်ဆေးပြီး ဒဏ်ပေးမှုများ လုပ်ဆောင်ကာ  မိဘများကို ခေါ်ယူတွေ့ဆုံပြီး  ခံဝန်ဂတိလက်မှတ်ရေးထိုးစေကာ  ပြန်လည်အပ်နှံပေးလိုက်ကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၂၇)ရက်နေ့ ညနေ(၄)နာရီမှ ည(၆)နာရီအတွင်း အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ တပ်ဖွဲ့ဝင်များက ကျိုင်းတုံမြို့ လေယာဉ်ကွင်းလမ်း နှင့် နောင်တုံကန်ပတ်လမ်းတို့တွင် အရပ်ဝတ်ဖြင့် အသွင်ယူစောင့်ဆိုင်းနေရာ မြို့ရှောင်လမ်းမပေါ်တွင် လူငယ်အဖွဲ့က ပါဝါအိတ်ဇောတပ်ထားသည့် ဆိုင်ကယ်များဖြင့် ရောက်ရှိလာသည့်အတွက် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

ဆိုင်ကယ်ပါဝါအိတ်ဇောများ တပ်ဆင်ထားသည့် ဆိုင်ကယ်များကို စီးလာသည့် လူငယ်များအား ဆိုင်ကယ်ပါဝါအိတ်ဇော၏ အသံကျယ်လောင်မှုကို သိရှိခံစားနိုင်ရန်အတွက် နား နားကပ်၍ အိတ်ဇောသံကို နားထောင်ခိုင်းသည့် ဒဏ်လည်းပေးကြောင်း သိရသည်။

ဆိုင်ကယ် ပါဝါအိတ်ဇောကြီးများတပ်ဆင် မောင်းနှင်လာသည့် လူငယ်များနှင့် ပတ်သက်၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများကို ယာဉ်ထိန်းရဲရုံးသို့ ချက်ချင်းခေါ်ဆောင်စေပြီးနောက် အဆိုပါ လူငယ်များကို ထိန်းသိမ်းရန်၊ ဆိုင်ကယ်များကို ယာဉ်ထိန်းရဲရုံးတွင် (၇)ရက် ထိန်းသိမ်းပြီးမှ ပြန်မေးမည်ဖြစ်ကြောင်း ပြောဆိုရာ မိဘများကလည်း လက်ခံသည့်အတွက် ခံဝန်ဂတိလက်မှတ်ရေးထိုးပြီးနောက် လူငယ်များကို မိဘများထံ ပြန်လည် အပ်နှံပေးလိုက်ကြောင်း ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့ထံက သိရသည်။

#TachileikNewsAgency

Photo: ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့