တာချီလိတ်မြို့သာယာလှပရေးအတွက် ပြည်သူ့အစိုးရ(NLD)လက်ထက်က လုပ်ငန်း(၁၈)ခုအတွက် ဘတ်ဂျက်ချပေးခဲ့သည့် ကျပ်သန်းပေါင်း (၄၈၀) ချပေးခဲ့

တာချီလိတ်မြို့သာယာလှပရေးအတွက် ပြည်သူ့အစိုးရ(NLD)လက်ထက်က လုပ်ငန်း(၁၈)ခုအတွက် ဘတ်ဂျက်ချပေးခဲ့သည့် ကျပ်သန်းပေါင်း (၄၈၀) ချပေးခဲ့
စက်တင်ဘာ 21, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၈)ခုအတွက် ပြည်သူ့အစိုးရ(NLD)လက်ထက်က ဘတ်ဂျတ်ချပေးခဲ့သည့် ကျပ်သန်း(၄၈၀)ဖြင့် အာဏာသိမ်းကာလအတွင်း ဆက်လက်အကောင်အထည်ဖော်နေပြီး လုပ်ငန်းအများစု  လုပ်ဆောင်ပြီးနေသလောက် ဖြစ်ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံက သိရသည်။ 



NLD အစိုးရလက်ထက် ဖြစ်သည့် ၂၀၂၀ - ၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်း(၄၈၀)ကို Clean and Green Cities စီမံချက်ဖြင့် ၂၀၂၁ခုနှစ် ဧပြီလ(၁၂)ရက်နေ့မှ ဧပြီလ(၂၅)ရက်နေ့အထိ တင်ဒါကြော်ငြာခဲ့သော်လည်း တင်ဒါလာလျှောက်သူမရှိ၍ ခရိုင်တည်ဆောက်ရေးတင်ဒါဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက လုပ်ငန်း (၁၈)ခုကို လုပ်ဆောင်စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာ ဟိုးအရင်ကတည်းက ဒီစီအစဉ်ကို ကြားမိတယ်။ အခုတော့ အာဏာသိမ်းပြီးနောက်ပိုင်း လုပ်နေတာတွေ့တယ်။ တင်ဒါကတော့ ခေါ်သံမကြားလိုက်ဘူး။ ဘယ်နေ့က ဘယ်နေရာကနေ တင်ဒါကြော်ငြာလည်းဆိုတာလည်း မသိလိုက်ပါဘူး။"ဟု တာချီလိတ်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု၏ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ကျပ်သန်း(၄၈၀)တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် လုပ်ငန်း(၄)နေရာအတွက် ကျပ်သန်းပေါင်း (၁၁၀)ကျော်၊ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားပေါ် လုပ်ငန်း(၅)နေရာအတွက် ကျပ်(၈၃)သန်းကျော်၊ ရွှေဝါနဒီပန်းခြံအတွင်း ကျပ် (၃၆)သန်းကျော်၊  ၅.၅တန် ဘတ်ဟိုးယာဉ်အသေး တစ်စီးအတွက် (၈၅)သန်း၊ အမှိုက်ပုံး ပုံး(၁၀၀)အတွက် (၁၅)သန်း နှင့်  လေယာဉ်ကွင်းလမ်းဆုံအနီး ပလက်ဖောင်းအတွက် (၂၃)သန်းကျော် ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ရီဂျီနားဆိုင်းဘုတ်အနီးတွင် ကျပ်သန်း(၂၀)အကုန်အကျခံပြီး We Love Tachileik ဆိုင်းဘုတ်ပြုလုပ်နေသော်လည်း အဆိုပါနေရာတွင် မြေနေရာအငြင်းပွားမှု ပြဿနာရှိနေ၍ လတ်တလောတွင် ခေတ္တဆိုင်းငံ့ထားပြီး ညှိနှိုင်းမှုမရပါက We Love Tachileik ဆိုင်းဘုတ်ကို အခြားနေရာတွင် ပြုလုပ်ဖွယ်ရှိသည်ဟု တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထံက သိရသည်။

ရှမ်းပြည်နယ်အတွင်း NLD အစိုးရ၏ သက်တမ်း(၅)နှစ်တာအတွင်း  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်​ရေးအတွက်  Clean & Green Cities မြို့ကြီး (၁၂)မြို့ နှင့် One State,  One Township, One Village Plan စသည့် စီမံချက်ချပြီး အ​ကောင်အထည်​ဖော်မှုများ စတင်ပြီးနောက် တာချီလိတ်မြို့တွင်လည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်​ရေးအတွက် ဘတ်ဂျတ်ပေးထားရာ အာဏာသိမ်းခံရပြီးနောက် ဆောင်ရွက်မပြီးသေးသည့် တာချီလိတ်မြို့ အပါအဝင် အခြားမြို့များတွင်လည်း လုပ်ဆောင်နေလျက်ရှိကြောင်း သိရှိရသည်။