အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ အမာခံနှင့် အရန် အင်အားစာရင်းများကို ပြန်လည် စိစစ်နေပြီး လိုအပ်သလို ထုတ်သုံးနိုင်ရန် စာရင်းများ ကောက်ထား

ပုံအညွှန်း - လွယ်တော်ခမ်း ပြည်သူ့စစ်အဖွဲ့မှ ဦးလောတာအား  တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း စားနပ်ရိက္ခာများထောက်ပံ့စဉ်
ပုံအညွှန်း - လွယ်တော်ခမ်း ပြည်သူ့စစ်အဖွဲ့မှ ဦးလောတာအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း စားနပ်ရိက္ခာများထောက်ပံ့စဉ်
အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ အမာခံနှင့် အရန် အင်အားစာရင်းများကို ပြန်လည် စိစစ်နေပြီး လိုအပ်သလို ထုတ်သုံးနိုင်ရန် စာရင်းများ ကောက်ထား
စက်တင်ဘာ 19, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ ပြည်သူ့စစ်များ၏ အမာခံ နှင့် အရန်အင်အား စာရင်းများကို ပြန်လည်စစ်ဆေးခြင်း နှင့် ထောက်ပံ့ခြင်းများကို လုပ်ဆောင်နေပြီး လိုအပ်သည့်အခါ ရပ်ဝေးအထိ လိုက်ပါနိုင်မည့် စာရင်းများကိုပါ ရယူနေကြောင်း သိရသည်။

တပ်က တခုခုဆိုရင် လိုက်နိုင် သွားနိုင်မဲ့ စာရင်းတောင်းတယ်။ အဲ့ဒါနဲ့ လက်အောက်က တပ်ဖွဲ့ဝင်တွေကို ပြန်မေးပြီး စာရင်းတင်ပြပေးထားတယ်။

ဟု အမည်မဖော်လိုသည့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၃၅)ဖွဲ့ရှိရာတွင် တစ်ဖွဲ့လျှင် အမာခံအနေဖြင့် (၁၀)ဦးဝန်းကျင် နှင့် အရန်မှာ (၂၀)ဦးအထက်ရှိရာ တာချီလိတ်မြို့နယ်၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အင်အားမှာ တာချီလိတ်ခရိုင်တစ်ခုလုံးစာ ရဲတပ်ဖွဲ့ဝင် အင်အားထက် နှစ်ဆပိုများသည့်အတွက် (၁၅၀၀)ဝန်းကျင်အထိ ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အနေနဲ့ကတော့ ပြည်သူ့စစ် အမာခံနဲ့ အရန်ဆိုရင် အရန်အင်အားက များတယ်။ အမာခံက (၃၅၀)ဝန်းကျင်လောက်ရှိတယ်။ တာချီလိတ်မှာက တော်တော်များများက သေနတ်ကိုင်ချင်လို့ ပြည်သူ့စစ်ထဲ ဝင်ထားတာလည်းရှိတယ်။ ဗျူဟာက လက်နက်စစ်တဲ့အခါဆိုရင် လူကိုယ်တိုင်မသွားချင်တဲ့အခါ ငွေပေးလိုက်တာမျိုးတွေလည်းရှိတယ်။ တာချီလိတ်မှာ ဝါသနာပါလို့ စိတ်ပါလို့ လုပ်တဲ့ ပြည်သူ့စစ်အရေအတွက်က နည်းတယ်

ဟု တာချီလိတ်မြို့ခံ အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာဏာသိမ်းစစ်တပ်က နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့် သိမ်းလိုက်ပြီးနောက် စည်းရုံးရေးအနေဖြင့် ပြည်သူ့စစ်အဖွဲ့များကို ရိက္ခာများထောက်ပံ့ခြင်းများ လုပ်ဆောင်နေရာ ရှမ်းပြည်နယ်အရှေ့ပိုင်းအနေဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့မှ စက်တင်ဘာလ(၁၉)ရက်နေ့အထိ မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်း ခရီးစဉ်များတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ရိက္ခာများထောက်ပံ့ပေးကြောင်းသိရသည်။ 

ယနေ့ စက်တင်ဘာလ(၁၉)ရက်နေ့တွင် တာချီလိတ်တပ်နယ်ခန်းမ၌ တာချီလိတ်မြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားလုံးကိုယ်စား လွယ်တော်ခမ်း  ပြည်သူ့စစ်အဖွဲ့မှ ဦးလောတာအား  တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း စားနပ်ရိက္ခာများထောက်ပံ့ပေးကြောင်း သိရသည်။ 

 

တာချီလိတ်မြို့နယ်တစ်ခုလုံးအနေဖြင့် တာချီလိတ် - မိုင်းဆတ် နယ်နိမိတ်မှ တာလေမြို့အထိ ပြည်သူ့စစ်တပ်ဖွဲ့ပေါင်း (၃၅)ဖွဲ့ ဝန်းကျင်တွင် ကျေးရွာအုပ်စုများတွင် အင်အားပိုများကြောင်း ပြီး ၎င်းတို့သည့် စစ်တပ်၏ လက်အောက်ခံများ ဖြစ်သည်။