ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေ ပြင်ဆင်မှု မလုပ်ရန် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ရွေးကောက်ပွဲအနိုင်ရ MFP ပါတီကို အမိန့်ချ

ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေ ပြင်ဆင်မှု မလုပ်ရန် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ရွေးကောက်ပွဲအနိုင်ရ MFP ပါတီကို အမိန့်ချ
ဖေဖော်ဝါရီ 1, 2024 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ဘုရင်ကို ဝေဖန်ပါက ရာဇဝတ်မှုအဖြစ် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ကာ အရေးယူနေသည့် တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်ရေး လုပ်ဆောင်နေမှုအား  ရပ်တန့်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ရွေးကောက်ပွဲအနိုင်ရ Move Forward Pargy (MFP) ပါတီကို အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ 

MFP ပါတီ၏ ထိုလုပ်ဆောင်မှုမှာ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တရားရုံးက ဆိုသည်။

ဘုရင်မဟာဗာဂျီရာလောင်ကွန်းကို အကာအကွယ်ပေးထားသည့် ဥပဒေများကို ပြင်ဆင်ရန် MFP ၏ လုပ်ဆောင်မှုမှာ ဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းမှုသဘောသက်ရောက်သည်ဟုလည်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ အမိန့်ချမှတ်ရာတွင် ဆုံးဖြတ်ခဲ့သည်။ 

၂၀၂၃ ခုနှစ် ထိုင်းရွေးကောက်ပွဲတွင် အမတ်နေရာ အများစုဖြင့် အနိုင်ရခဲ့သည့် MFP ပါတီက ယခင် ခေတ်အဆက်ဆက် မစဥ်းစားဝံ့သော ဘုရင်စနစ်ကို အကာအကွယ်ပေးသည့် တော်ဝင် အသရေဖျက်မှု ဥပဒေကို ပြင်ဆင်ရန် ကတိပြုထားခဲ့သည်။

ထိုင်းနိုင်ငံတွင် ဘုရင်ကို ဝေဖန်ပြောဆိုပါက ပုဒ်မ (၁၁၂) ဟု လူသိများသည့် ထိုဥပဒေအရ ထောင်ဒဏ် (၁၅) နှစ်အထိ ချမှတ်ခံရနိုင်သည်။ 

စစ်တပ်၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုနှင့် ဘုရင်စနစ်ဆိုင်ရာ ဥပဒေများကို ပြင်ဆင်ရန် MFP ပါတီ၏ လုပ်ဆောင်မှုက ထိုင်းနိုင်ငံ၏ ဩဇာကြီးမားသော ရှေးရိုးစွဲ အခွင့်ထူးခံ လူအုပ်စုကို ခြောက်လှန့်ခဲ့သည်။

ထိုကြောင့်လည်း ထိုင်းစစ်တပ် ဩဇာခံ အထက်လွှတ်တော်က ရွေးကောက်ပွဲအနိုင်ရ MFP ပါတီ၏ ခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံခြင်းမပြုဘဲ တားဆီးပိတ်ပင်ခဲ့သည်။

Pita ၏ MFP ပါတီအနေဖြင့်လည်း ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဦးဆောင်ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့ပေ။ 

ထိုင်းနိုင်ငံတွင် တော်ဝင် အသေရဖျက်မှုဥပဒေဖြင့် လူပေါင်း (၂၅၀) ကျော် စွဲချက်တင်ခံခဲ့ရကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့ (Thai Lawyers for Human Rights) ၏ စာရင်းများအရ သိရှိရသည်။ 

၎င်းတို့အနက် ဆန္ဒပြ ခေါင်းဆောင်များနှင့် ရွေးကောက်ခံ လွှတ်တော်အမတ် အနည်းဆုံး တစ်ဦး ပါဝင်သည်။

 

Source: AFP