သီရိလင်္ကာတွင် လောင်စာဆီ (၅) ရက်စာအတွက်သာ ကျန်ရှိတော့ကြောင်း စွမ်းအင်ဝန်ကြီးပြော

သီရိလင်္ကာတွင် လောင်စာဆီ (၅) ရက်စာအတွက်သာ ကျန်ရှိတော့ကြောင်း စွမ်းအင်ဝန်ကြီးပြော
By Mr John

စီးပွားရေး အကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာနိုင်ငံတွင် နောက် (၅) ရက်စာအတွက်သာ လောင်စာဆီလက်ကျန်ရှိတော့ကြောင်း စွမ်းအင်ဝန်ကြီးက ဇွန်လ (၁၆) ရက်နေ့တွင် ပြောကြားသည်။ 

သီရိလင်္ကာအစိုးရက အိန္ဒိယထံမှ အကြွေးစနစ်ဖြင့် အမေရိကန်ဒေါ်လာ သန်း (၅၀၀) ဖိုး လောင်စာဆီဝယ်ယူရန် စီစဥ်ထားပြီး တရားဝင်အတည်ပြုချက်ကို စောင့်ဆိုင်းနေသည်ဟု ဆိုသည်။ 

လူဦးရေ (၂၂) သန်းရှိသည့် သီရိလင်္ကာတွင် နိုင်ငံခြားအရန်ငွေ စံချိန်တင် လျော့နည်းသွားခဲ့ပြီးနောက် ဆယ်စုနှစ် (၇) ခုအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်း ကြုံနေရသည်။ 

သီရိလင်္ကာတွင် အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီ အပါအဝင် မရှိမဖြစ် ပြည်ပသွင်းကုန်များအတွက် ငွေပေးချေရန် ဒေါ်လာငွေမရှိတော့သည့် အခြေအနေဖြစ်သည်။ 

ကာလရှည်ကြာ လောင်စာဆီပြတ်လပ်မှုမှာ ယခုသီတင်းပတ်တွင် ပိုဆိုးလာခဲ့ပြီး နိုင်ငံတဝန်းရှိ ဂက်စ်ဆိုင်အချို့တွင် မိုင်နှင့်ချီ ရှည်လျားစွာ တန်းစီစောင့်ဆိုင်းရမှုများ ဖြစ်ပေါ်နေခဲ့သည်။ 

လောင်စာဆီကို အပတ်စဥ် ခွဲတမ်းစနစ်ဖြင့်သာ ရောင်းချပေးတော့မည်ဟု သီရိလင်္ကာအစိုးရက ဇွန်လ (၁၂) ရက်နေ့တွင် ကြေညာခဲ့သည်။

ယာဥ်ပိုင်ရှင်များမှာ ဓာတ်ဆီနှင့် ဒီဇယ်ဆီဖြည့်ရန် အချိန်ကြာရှည် စောင့်ဆိုင်းကြရပြီး တခါတရံ ညအိပ်စောင့်ဆိုင်းရမှုများလည်းရှိရာ ဆန္ဒပြမှုအချို့ ပေါ်ပေါက်ခဲ့သည်။ 

လွန်ခဲ့သည့်လတစ်လက သီရိလင်္ကာတွင် လောင်စာဆီလက်ကျန် တစ်ရက်စာအတွက်သာ ကျန်ရှိတော့ကြောင်း ဝန်ကြီးချုပ်က ပြောခဲ့ဖူးသည်။ 

သီရိလင်္ကာက ရက်လွန်နေပြီဖြစ်သည့် လောင်စာဆီဝယ်ယူမှု ကျသင့်ငွေ အမေရိကန်ဒေါ်လာ (၇၂၅) သန်းကို မပေးနိုင်ကြောင်းနှင့် နောက်ထပ် လောင်စာဆီတင်သွင်းမှုများအတွက် အကြွေးစနစ်ဖြင့် ရရှိနိုင်ရန် ရုန်းကန်နေရကြောင်း သိရသည်။

"နိုင်ငံခြားငွေပြဿနာတွေကြောင့် လောင်စာဆီရဖို့ ကျွန်တော်တို့ ရုန်းကန်နေရပြီး အစိုးရက လက်ရှိ ဒီဇယ်နဲ့ဓာတ်ဆီ လက်ကျန်ကို ဇွန်လ (၂၁) ရက်နေ့အထိ ရောင်းချပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟု စွမ်းအင်ဝန်ကြီးက သတင်းထောက်များကို ပြောသည်။ 

"ဝယ်လိုအားကို ပြည့်မီအောင် ဖြည့်ဆည်းပေးဖို့ အလွန်ခက်ခဲနေပြီး မဖြစ်မနေ မဟုတ်တဲ့ ခရီးသွားလာမှုတွေ လုပ်နေရင်းနဲ့ လောင်စာဆီ သိုလှောင်သိမ်းဆည်းမှုကို မရပ်ရင် လက်ကျန်ဆီပမာဏက ပိုမြန်မြန် ကုန်သွားနိုင်ပါတယ်" ဟု ၎င်းကဆိုသည်။ 

"လာမယ့် (၃) ရက်အတွင်း ဓာတ်ဆီသင်္ဘောတစ်စီးနဲ့ လာမယ့် (၈) ရက်အတွင်း နောက်ထပ် သင်္ဘောနှစ်စီး ဝင်လာမယ်လို့ မျှော်မှန်းထားပါတယ်" ဟု စွမ်းအင်ဝန်ကြီးက ဖြည့်စွက်ပြောသည်။

Source: CNN