ဥဇဘက်ကစ္စတန်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွင် ဆန္ဒပြမှုများအတွင်း လူ (၁၈) ဦး သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရ

Photo: SpecialEurasia
Photo: SpecialEurasia
ဥဇဘက်ကစ္စတန်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွင် ဆန္ဒပြမှုများအတွင်း လူ (၁၈) ဦး သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရ
ဇူလိုင် 5, 2022 | နိုင်ငံတကာသတင်း
By Mr John

ဗဟိုအာရှဒေသတွင်း ဥဇဘက်ကစ္စတန်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Karakalpakstan ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် လျှော့ချမည့် အစီအစဥ်အပေါ် ပြီးခဲ့သည့် သီတင်းပတ်က ဆူပူအုံကြွ ဆန္ဒပြမှုများ အပြင်းအထန် ပေါ်ပေါက်ခဲ့မှုအတွင်း လူ (၁၈) ဦး သေဆုံးပြီး (၂၄၃) ဦး ဒဏ်ရာရခဲ့ကြောင်း ဥဇဘက်အာဏာပိုင်တွေက ဇူလိုင်လ (၄) ရက်တွင် သတင်းထုတ်ပြန်သည်။ 

ဇူလိုင်လ (၁) ရက်နေ့က ဆန္ဒပြမှုသူများကို ဖြိုခွဲခဲ့စဥ် လုံခြုံရေးတပ်ဖွဲ့တွေက လူ (၅၁၆)ဦးကို ဖမ်းဆီးခဲ့သော်လည်း အများအပြားကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း အမျိုးသားအစောင့်တပ်ဖွဲ့ ပြန်ကြားရေးရုံးက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ရာ ဥဇဘက်ကစ္စတန်သမ္မတ Shavkat Mirziyoyev က Karakalpakstan ပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ၎င်း၏ ခွဲထွက်ပိုင်ခွင့်အပေါ်  စိုးရိမ်ပူပန်မှုရှိနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မည့် အစီအစဥ်ကို ဇူလိုင်လ (၂) ရက်နေ့တွင် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ 

ထို့အတူ ဥဇဘက်ကစ္စတန် အနောက်မြောက်ပိုင်းရှိ Karakalpakstan ပြည်နယ်တွင် တစ်လကြာ အရေးပေါ်အခြေအနေကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

အစိုးရအရာရှိများ၏ အဆိုအရ ဆန္ဒပြသူများက ပြည်နယ်မြို့တော် Nukus မြို့တစ်လျှောက် ဇူလိုင်လ (၁) ရက်နေ့တွင် စုရုံးချီတက်ခဲ့ကြပြီး ဒေသဆိုင်ရာ အစိုးရအဆောက်အအုံများကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ကြကြောင်းနှင့် လူဦးရေ (၃၄) သန်းရှိ ဥဇဘက်ကစ္စတန်တွင် ဆယ်စုနှစ် (၂) ခုနီးပါးအတွင်း အဆိုးဆုံး အကြမ်းဖက် ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အပြန်အလှန် တိုက်ခိုက်မှုများအတွင်း ရရှိခဲ့သည့် ပြင်းထန်ဒဏ်ရာများကြောင့် လူ (၁၈) ဦး သေဆုံးခဲ့ကြောင်း ရှေ့နေချုပ်ရုံးက ပြောသည်။

Karakalpakstan ပြည်နယ်မှာ Aral ပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိပြီး ဆယ်စုနှစ်များနှင့်ချီ သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ကျရောက်နေခဲ့သည့် နေရာလည်းဖြစ်သည်။ 

ထိုပြည်နယ်တွင် Karakalpak တိုင်းရင်းသားလူနည်းစုများ နေထိုင်ကြပြီး ၎င်းတို့၏ ဘာသာစကားမှာ ဥဇဘက်ထက် ကာဇက် (Kazakh) နှင့် ပိုမိုနီးစပ်သည်ဟု ဆိုသည်။ 

Karakalpakstan ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဥဇဘက်ကစ္စတန်သမ္မတ Mirziyoyev က Karakalpak တိုင်းရင်းသားလူနည်းစုများ အများဆုံး ရွှေ့ပြောင်းနေထိုင်ကြသည့် ကာဇက်စတန်နိုင်ငံ၏ သမ္မတ Kassym-Jomart Tokayev နှင့် ဇူလိုင်လ (၄) ရက်နေ့တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

Karakalpakstan ပြည်နယ်တွင် တည်ငြိမ်မှုရှိစေရန် ဥဇဘက်ကစ္စတန်၏ စီမံဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ကာဇက်စတန်သမ္မတရုံးက ပြောခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံဟောင်း ဥဇဘက်ကစ္စတန်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော ရုရှားနိုင်ငံက ယခုကိစ္စမှာ ဥဇဘက်ကစ္စတန်၏ ပြည်တွင်ရေးဖြစ်ကြောင်း ပြောခဲ့သည်။ 

ထိုအတောအတွင်း ဥရောပသမဂ္ဂကမူ Karakalpakstan ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်ရပ်များကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ရန် တောင်းဆိုခဲ့သည်။

Source: Reuters