ဒေါ်လာ (၁၀) သန်းကျော်အထိ လေလံဈေး ရရှိနိုင်မည့် နှစ် (၃၀၀) နီးပါး သက်တမ်းရှိ တယော တစ်လက်

Photo: REUTERS/Benoit Tessier
Photo: REUTERS/Benoit Tessier
ဒေါ်လာ (၁၀) သန်းကျော်အထိ လေလံဈေး ရရှိနိုင်မည့် နှစ် (၃၀၀) နီးပါး သက်တမ်းရှိ တယော တစ်လက်
By Mr John

 လီယိုနာဒို ဒါဗင်ချီ တယောဟု တင်စားခေါ်ဝေါ်ကြသည့် ရာစုနှစ်သုံးခုနီးပါး သက်တမ်းရှိ တယောတစ်လက်ကို လာမည့် ဇွန်လအတွင်း ပြင်သစ်နိုင်ငံတွင် လေလံတင်ရောင်းချရာမှာ လေလံဈေးနှုန်း အမေရိကန်ဒေါ်လာ (၁၀) သန်းအထိ ရရှိနိုင်ကြောင်း သိရသည်။

 REUTERS/Benoit Tessier

၁၇၃၆ ခုနှစ်တွင် အီတလီလူမျိုး တယောဖန်တီးသူ Giuseppe Guarneri ပြုလုပ်ခဲ့ပြီး နာမည်ကြီး တယောပညာရှင် Regis Pasquier ပိုင်ဆိုင်သည့် ထိုတယော၏ အသံကို ကမ္ဘာတဝန်း ဖျော်ဖြေပွဲခန်းမများကို တင့်တယ်စေခဲ့သည်။



"တယောတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခုကတော့ Rembrandt ပန်းချီလက်ရာ၊ Goya ပန်းချီလက်ရာ ဒါမှမဟုတ် လီယိုနာဒို ဒါဗင်ချီ ပန်းချီလက်ရာတစ်ခုကို ရောင်းသလိုပါပဲ" ဟု ပါရီမြို့အနီးရှိ လေလံပွဲစီစဥ်သည့် Aguttes ကုမ္ပဏီမှ Sophie Perrine က ပြောသည်။

လေလံတင်ရောင်းချသွားမည့် တယောမှာ Giuseppe Guarneri ဖန်တီးခဲ့သည့် တယော (၁၅၀) ခန့်အနက်မှ တစ်ခုဖြစ်ပြီး ထိုတယောကို တယောပညာရှင် Regis Pasquier က လွန်ခဲ့သည့် နှစ် (၂၀) ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Regis Pasquier က တယောကို ဝယ်ယူခဲ့ပြီး နောက်တစ်ရက်တွင် လေ့ကျင့်မှုပင်မရှိဘဲ ဖျော်ဖြေပွဲတစ်ခုတွင် ထိုတယောဖြင့် ဖျော်ဖြေခဲ့သည်။



"သူ့အတွက် ဒီတယောက ပြီးပြည့်စုံခဲ့တယ်" ဟု Sophie Perrine က ပြောသည်။

နောက်ပိုင်းတွင် Regis Pasquier က နယူးယော့ခ်မြို့ရှိ Carnegie ခန်းမနှင့် ပါရီမြို့ရှိ Opera Garnier ခန်းမ အပါအဝင် ဂုဏ်သတင်းကြီးမားသည့် နေရာများတွင် ထိုတယောဖြင့် ဖျော်ဖြေခဲ့သည်။

(၂၈၆) နှစ် သက်တမ်းရှိပြီဖြစ်သည့် တယောကို သုံးရက်ကြာ ခင်းကျင်းပြသပြီးနောက် ဇွန်လ (၃) ရက်တွင် လေလံတင်ရောင်းချသွားမည် ဖြစ်ပြီး  တယော၏ လေလံကြမ်းခင်းဈေးမှာ ခန့်မှန်းခြေ ယူရို (၄) သန်းမှ (၄.၅) သန်းဖြစ်ကြောင်းနှင့် ယူရို (၁၀) သန်းအထိ လေလံဈေးနှုန်းရနိုင်ကြောင်း Sophie Perrine က ဆိုသည်။



Source: Reuters