ကမ္ဘောဒီးယားနိုင်ငံတွင် H5N1 ကြက်ငှက်တုပ်ကွေးကြောင့် လူသေဆုံးမှုရှိလာ၍ ကြက်ငှက်တုပ်ကွေးအခြေအနေ စိတ်ပူစရာဖြစ်ကြောင်း WHO ပြောကြား

ကမ္ဘောဒီးယားတာဝန်ရှိသူများက ကြက်ငှက်တုပ်ကွေးရောဂါအန္တရာယ်သတိပေးသည့် ပိုစတာများ ကပ်နေစဉ် [ Photo: Associated Press ]
ကမ္ဘောဒီးယားတာဝန်ရှိသူများက ကြက်ငှက်တုပ်ကွေးရောဂါအန္တရာယ်သတိပေးသည့် ပိုစတာများ ကပ်နေစဉ် [ Photo: Associated Press ]
ကမ္ဘောဒီးယားနိုင်ငံတွင် H5N1 ကြက်ငှက်တုပ်ကွေးကြောင့် လူသေဆုံးမှုရှိလာ၍ ကြက်ငှက်တုပ်ကွေးအခြေအနေ စိတ်ပူစရာဖြစ်ကြောင်း WHO ပြောကြား
By Mr John

အာဆီယံဒေသတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် H5N1 ကြက်ငှက်တုပ်ကွေးသည် လူကိုကူးစက်မှု (၂) ခု မိသားစုတစ်ခုအတွင်း တွေ့ရှိရပြီးနောက် မိန်းကလေးငယ်(၁)ဦး သေဆုံးခဲ့ရသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ကမ္ဘောဒီးယားအာဏာပိုင်များနှင့် ပူးပေါင်း၍ ကိုင်တွယ်ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ 

ကမ္ဘောဒီးယားနိုင်ငံတွင် H5N1 ကြက်ငှက်တုပ်ကွေးကြောင့် အသက် (၁၁) နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း နှင့်  သေဆုံးသူ မိန်းကလေး၏ မိသားစုဝင်များကို စစ်ဆေးခဲ့ရာ သူမ၏ ဖခင်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ရောဂါလက္ခဏာများရှိခဲ့ကြောင်း အာဏာပိုင်များက ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 "ကမ္ဘာတဝန်း H5N1 ဗိုင်းရပ်စ် အခြေအနေက စိတ်ပူစရာဖြစ်ပါတယ်။ ငှက်တွေမှာ ကူးစက်ပျံ့နှံ့မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး လူသားတွေ အပါအဝင် နို့တိုက်သတ္တဝါတွေမှာ ကူးစက်မှုတွေ မြင့်တက်နေပါတယ်။ WHO အနေနဲ့ ဒီဗိုင်းရပ်စ် အန္တရာယ်ကို အလေးထားနေပြီး နိုင်ငံအားလုံး သတိထားနေကြဖို့ တိုက်တွန်းပါတယ်" ဟု WHO ကပ်ရောဂါဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် တားဆီးကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Sylvie Briand က ပြောသည်။

H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်မှာ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခဲ့ခြင်းရှိ မရှိ ယခုအချိန်အထိ အတိအကျ မသိရသေးကြောင်းနှင့် ထိုအချက်ကြောင့် ကမ္ဘောဒီးယားတွင် တွေ့ရှိရသည့် ကူးစက်မှုများကို အာရုံစိုက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

ကမ္ဘောဒီးယားတွင် တွေ့ရသည့် ကူးစက်မှု (၂) ခုမှာ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခဲ့ခြင်း သို့မဟုတ် တူညီသည့် ပတ်ဝန်းကျင်အခြေအနေများကြောင့် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ငှက်များ သို့မဟုတ် တိရိစ္ဆာန်များနှင့် အနီးကပ် ထိတွေ့မိရာမှ သားအဖ (၂) ဦးလုံး ကူးစက်ခံရခြင်း ဖြစ်နိုင်ကြောင်း Briand က ရှင်းပြသည်။

လူများတွင် ငှက်တုပ်ကွေး ကူးစက်မှုအန္တရာယ်ကို WHO က ဖေဖေါ်ဝါရီလ အစောပိုင်းတွင် အကဲဖြတ်ခဲ့စဥ်က အန္တရာယ်နည်းပါးကြောင်း သတ်မှတ်ထားခဲ့သော်လည်း လတ်တလော ဖြစ်ပေါ်မှုများကို အခြေခံ၍ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ရှိမှု အတိုင်းအတာကို အကဲဖြတ်နေကြောင်းလည်း သိရသည်။ 

၂၀၂၀ ခုနှစ်အတွင်း ကူးစက်မှုနှုန်း မြင့်မားသော H5N1 ဗိုင်းရပ်စ် အမျိုးအစားသစ် H5N1 clade 2.3.4.4b ထွက်ပေါ်လာခဲ့ပြီး မကြာသေးမီ လများအတွင်း တောရိုင်းငှက်များနှင့် မွေးမြူရေးကြက်/ဘဲများကြား သေဆုံးမှုအရေအတွက် စံချိန်တင်ခဲ့ကြောင်း သိရသည်။ ထိုဗိုင်းရပ်စ်မှာ နို့တိုက်သတ္တဝါများကိုလည်း ကူးစက်ခဲ့ရာ ကမ္ဘာတဝန်း စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။

သို့သော် ယခင်က ဖြစ်ပွားခဲ့ဖူးပြီး ဆယ်စုနှစ် (၂) ခုကျော်ရှိနေခဲ့သည့် H5N1 ကူးစက်မှုများနှင့် မတူဘဲ ယခု H5N1 အမျိုးအစားသစ်မှာ လူများတွင် ကူးစက်ခံရပါက သိသိသာသာ နာမကျန်းဖြစ်မှု မဖြစ်စေကြောင်း သိရသည်။ 

လက်ရှိအချိန်အထိ ကမ္ဘာတဝန်း လူဦးရေ ဒါဇင်ဝက်ခန့်တွင်သာ ကူးစက်မှုတွေ့ရှိထားပြီး ၎င်းတို့မှာ ဗိုင်းရပ်စ်ရှိနေသည့် ငှက်များနှင့် အနီးကပ် ထိတွေ့ခဲ့သူများ ဖြစ်သည်။ 

ကူးစက်ခံရသူများမှာ ရောဂါလက္ခဏာ မပြင်းထန်ဟု ဆိုသည်။

WHO ကမူ H5N1 clade 2.3.4.4b နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ အရှိန်မြှင့်လုပ်ဆောင်နေပြီး ဗိုင်းရပ်စ်သတ်ဆေးများ ရှိထားကြောင်း ပြောသည်။ 

ထို့အတူ ကူးစက်မှုအခြေအနေ ပြောင်းလဲသွားပါက တရားဝင် အသိအမှတ်ပြု ကပ်ရောဂါကာကွယ်ဆေး (၂၀) ခုရှိကြောင်းလည်း သိရသည်။ WHO က ကမ္ဘာတဝန်း H5N1 clad 2.3.4.4b ကူးစက်မှုအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။

Source: Reuters