အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်တွင် ဆေးရုံအဆောက်အအုံအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ (၄) ဦး သေဆုံး

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်တွင် ဆေးရုံအဆောက်အအုံအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ (၄) ဦး သေဆုံး
By Mr John

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ရှိ ဆေးရုံတစ်ရုံတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ (၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရိုင်ဖယ်သေနတ်တစ်လက်နှင့် ပစ္စတိုသေနတ်တစ်လက် ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးက ဆေးရုံအဆောက်အအုံအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်လည်း ပစ်ခတ်အဆုံးစီရင်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုသည်။

ယခုဖြစ်ရပ်မှာ လတ်တလောအတွင်း အမေရိကန်တွင် ဆက်တိုက်ဖြစ်ပွားနေသော အစုအပြုံလိုက် ပစ်ခတ်မှုများတွင် နောက်ဆုံးတစ်ခုလည်း ဖြစ်လာသည်။

တူလ်ဆာမြို့ရှိ စိန့်ဖရန်စစ် ဆေးရုံဝင်းအတွင်း Natalie အဆောက်အအုံတွင် ဒေသစံတော်ချိန် ဇွန်လ (၁) ရက်နေ့ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားကြောင်း တိုင်ကြားချက်ရရှိပြီးနောက် (၃) မိနစ်အကြာတွင် ရဲတပ်ဖွဲ့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

Natalie အဆောက်အအုံ၏ ဒုတိယထပ်မှ ပစ်ခတ်သံများကြားခဲ့ရသည်ဟု တူလ်ဆာမြို့ ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ Eric Dalgleish က သတင်းထောက်များကို ပြောသည်။

"အရပ်သား (၄) ဦးနဲ့ ပစ်ခတ်သူတစ်ဦး သေဆုံးခဲ့ပါတယ်။ အခင်းဖြစ်နေရာမှာ သံသယရှိသူနဲ့အတူ ရိုင်ဖယ်တစ်လက်နဲ့ ပစ္စတိုတစ်လက် တွေ့ရှိခဲ့ပါတယ်" ဟု ရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲက ဆိုသည်။

မေလ (၂၄) ရက်နေ့က တက္ကဆက်ပြည်နယ် မူလတန်းကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားခဲ့သော ကလေး (၁၉) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့သည့် ပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့က သေနတ်သမားရှိနေသော ကျောင်းအဆောက်အအုံအတွင်း အလျင်အမြန် ဝင်ရောက်ခြင်းမပြုဘဲ အပြင်ဘက်တွင် တစ်နာရီနီးပါးကြာ စောင့်ဆိုင်းနေခဲ့ရာ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ယခု ဆေးရုံပစ်ခတ်မှုတွင်မူ ရဲတပ်ဖွဲ့က အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

တူလ်ဆာမြို့ရှိ စိန့်ဖရန်စစ်ဆေးရုံတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှ သံသယရှိသူကို မည်သူဖြစ်ကြောင်း ဖော်ထုတ်သိရှိရန် ကြိုးစားနေကြောင်းနှင့် အသက် (၃၅) နှစ်နှင့် (၄၀) နှစ်ကြားရှိသူဟု ရဲတပ်ဖွဲ့က ပြောသည်။ ဆေးရုံတွင် ပစ်ခတ်ခဲ့သည့် အကြောင်းရင်းကိုလည်း မသိရသေးဟု ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် စိန့်ဖရန်စစ်ဆေးရုံးဝင်အတွင်းရှိ Natalie အဆောက်အအုံတွင် အရိုးအကြောဌာန အပါအဝင် ဆရာဝန်များ၏ ရုံးခန်းများရှိကြောင်းနှင့် သေဆုံးခဲ့သူများမှာ ဝန်ထမ်းများနှင့် လူနာများဖြစ်သည်ဟု ယူဆထားကြောင်း Eric Dalgleish က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် တူလ်ဆာမြို့တွင် လူဦးရေ ၄၁၁,၀၀၀ ခန့် နေထိုင်ကြပြီး အိုကလာဟိုးမားပြည်နယ်မြို့တော် အိုကလားဟိုးမားမြို့၏ အရှေ့မြောက်ဘက် မိုင် (၁၀၀) ဝန်းကျင်အကွာတွင်တည်ရှိကြောင်း သိရသည်။

Source: BBC, Reuters, CNN

Photo: Tulsa Police/Handout via REUTERS