ရှမ်း-ကယား အထူးစစ်ဆင်ရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်အောင် အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေး

ရှမ်း-ကယား အထူးစစ်ဆင်ရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်အောင် အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေး
ဖေဖော်ဝါရီ 1, 2024 | 2021 Military Coup| ရှမ်းတောင်

နိုင်ငံ့အာဏာသိမ်းထားသည့် (၃)နှစ်ပြည့်တွင် အာဏာသိမ်းစစ်ကောင်စီက လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အား အနားပေးလိုက်ပြီး ရှမ်း-ကယား (၂)ပြည်နယ် စစ်ဆင်ရေးကို တာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် ကို စစ်အဝတ်စားလဲပြီး အရပ်ဖက်ပြောင်းကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အစားထိုး ခန့်ထားလိုက်သည်။

"ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးထားသည့် ဦးအောင်ဇော်အေး အစား ဦးအောင်အောင်အား အစားထိုး ခန့်အပ်တာဝန်ပေးလိုက်သည်။"ဟု စစ်ကောင်စီက ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာထားသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အစားထိုးခန့်အပ်ခံရသူ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်သည် ကစထ (၂) ဟု ခေါ်သည့် အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး(ရပခ/တသခ/ရမခ/ရလခ)ဖြစ်ပြီး ၎င်းသည် အဲ့ဒီ မတိုင်မီက  အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံထားရသူ  ဒုဗိုလ်ချုပ်ကြီးအောင်အောင်သည် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

ယင်းမတိုင်မီက ၎င်းသည် ရခိုင်ပြည်နယ်အတွင်း တပ်မ(၃၃)၏ တပ်မမှူး တာဝန်ယူခဲ့သူလည်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးနှင့်ဘာသာရေးဖြစ်ပွားသည့် ကာလအတွင်း ၎င်းသည် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးအဖြစ် တာဝန်ယူခဲ့စဉ်က လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ၌ တာဝန်ရှိသူဟု သတ်မှတ်ခံရပြီးနောက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာ ဌာန (Office of Foreign Assets Control)၏ နာမည်ပျက်စာရင်းတွင် ထည့်သွင်းခံထားရသူဖြစ်သည့်အပြင် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးခြင်းကိုလည်း ခံထားရသူ ဖြစ်သည်။

အာဏာသိမ်းထားသည့် (၃)နှစ်တာ ကာလအတွင်း၌ ရှမ်းပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က (၃)ဦး တိတိ ပြောင်းလဲ ခန့်ထားခဲ့သည်။