ရှမ်း - ကယားတွင် စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သူ  ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေး

 ရှမ်း - ကယားတွင် စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သူ  ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေး
ဖေဖော်ဝါရီ 2, 2023 | 2021 Military Coup| ရှမ်းတောင်

နိုင်ငံ့အာဏာသိမ်းကာလ (၂)နှစ်ပြည့်သည့်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်း-ကယားတွင် အထူးစစ်ဆေးရေးမှူးအဖြစ် တာဝန်ယူခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်ထားလိုက်ကြောင်း သိရသည်။

လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းအား ဝန်ကြီးချုပ်အဖြစ်ကနေ ဖယ်ရှားပြီး စစ်ကောင်စီ(ဗဟို)အဖွဲ့ဝင်အဖြစ် ပြောင်းလဲပေးလိုက်ပြီးနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ပြောင်းလဲ ခန့်ထားခြင်းဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးသည် ရှမ်းပြည်နယ်အတွင်း ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ် ဝန်းကျင်အထိ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းသည်  နိုင်ငံ့အာဏာသိမ်းကာလအတွင်း စစ်အာဏာရှင်များကို တော်လှန်တိုက်ခိုက်နေသူများအား နှိမ်နင်းရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ကယားပြည်နယ်တို့၏ အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ်လည်း တာဝန်ပေးခံခဲ့ရသူ ဖြစ်သည်။ 



ယင်းအပြင် ၎င်းသည်  လစ်လပ်နေသည့် တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ရာထူးနေရာကိုလည်း ၂၀၂၂ခုနှစ် အောက်တိုဘာလအတွင်းက ပူးတွဲတာဝန်ပေးခံရသူလည်း ဖြစ်သည်။  

အာဏာသိမ်းစစ်ခေါင်းဆောင် အလိုကျ အရပ်ဘက်ပြောင်းပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာမည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးသည်  ဥရောပသမဂ္ဂ (EU)၏ ဒဏ်ခတ်အရေးယူထားသည့် အမည်စာရင်းတွေ ပါဝင်ထားသူဖြစ်ပြီး EU က ဒဏ်ခတ်အရေးယူကြောင်းကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ကြေညာထားခြင်း ဖြစ်သည်။