ခင်ဦးမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေ၍ ကျေးရွာ(၈)ရွာမှ ဒေသခံ (၉၀၀၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ခင်ဦးမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေ၍ ကျေးရွာ(၈)ရွာမှ ဒေသခံ (၉၀၀၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရ

 စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ(၈)ရွာမှ ဒေသခံ (၉၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်နေရကြောင်း  သိရသည်။

ခင်ဦးမြို့နယ်၏အနောက်ခြမ်း၊ အင်းပတ်ကွေ့ ဈေးတန်းတွင် အထိုင်ချထားသော စစ်အုပ်စုတပ်၊ ပျူစောထီးများနှင့် ရွာသစ်ကုန်းကျေးရွာမှ ပျူစောထီးများ ပူးပေါင်းကာ ချမ်းသာကုန်ကျေးရွာ အနောက်ဘက် တောလမ်းမှ တဆင့် အင်းပတ်၊ ချမ်းသာကုန်း၊ မရမ်းအင်း၊ ကုန်းသာ၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ကျီအိုင်နှင့် သဲကုန်းကြီး များသို့ ယနေ့ မတ်လ(၁၇)ရက်နေ့၏ နံနက်(၇)နာရီခွဲကျော်အချိန်က ဝင်ရောက်လာသဖြင့် ဒေသခံ (၉၀၀၀)ကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဒီနေ့ မနက်မှာ အောင်ချမ်းသာကျေးရွာ အနောက်ဘက် တောလမ်းကနေ ဆည်ကြီး ဘက်ကို စစ်ကောင်စီတပ်သားတွေ ဦးတည်ရောက်ရှိနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရွာတွေထဲ ပစ်ပြီးဝင်လာတာ၊ ရွာတွေက ကပ်နေတော့ အကုန်ရှောင်ကြရတယ်"ဟု ဒေသခံက ပြောသည်။

ထို့အပြင် မတ်လ (၁၆)ရက်နေ့ကလည်း ခင်ဦးမြို့နယ် သံဘိုနဲ့ ကြို့ကန်ကြား ဗျူဟာလမ်း အနောက်ဘက်သို့ စစ်အုပ်စုတပ်သား (၁၀၀)ကျော် စစ်ကြောင်းထိုးလာ၍ ဒေသခံ (၂၀၀၀)ကျော် မိုးထဲလေထဲ စစ်ဘေးရှောင်ခဲ့ရသည်ဟု သိရသည်။

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ၏ အစတွင် ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်   စစ်အုပ်စုတပ်သားများက လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်၍ ရွာတွေအတွင်း ဝင်ရောက်ခြင်းကြောင့် လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးရသူများရှိသလို စစ်ရှောင်ရင်း တောထဲတွင် သေဆုံးသူများလဲ ရှိလာနေကြောင်း ဆိုသည်။