စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းတစ်မြို့လုံးနီးပါးပျက်စီးသွား

စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းတစ်မြို့လုံးနီးပါးပျက်စီးသွား

ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မြို့တွင်းရှိ နေအိမ် (၈၀)ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် မြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့သော်လည်း ပြန်လည်ရှင်းလင်းရေး မလုပ်နိုင်သေးသဖြင့် ဒေသခံများ နေရပ်မပြန်နိုင်သေးဟု သိရသည်။

"လက်ရှိက ဒေသခံတွေ ဝင်လို့မရသေးပါဘူး။ အပျက်အဆီးတွေက တော်တော်များနေတယ်။ ရှင်းလင်းရေး မလုပ်ပေးသေးလို့ထင်ပါတယ်။ ဝင်ခွင့်မရတာ၊ မြို့ထဲက အိမ်(၈၀)ရာခိုင်နှုန်းလောက်က ပျက်စီးသွားပြီ။ ဒေသခံတွေ အကူအညီတွေအများကြီး လိုအပ်နေပါတယ်"ဟု ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်း မြို့သစ်နှင့် အလယ်စုရပ်ကွက်တို့တွင် အပျက်အစီးများပြီး ရွာဟောင်းရပ်ကွက်နှင့် စံပြရပ်ကွက်မှာလည်း ပျက်စီးမှုရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ခမရ (၅၅၀)တပ်ရင်းအား ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီလ (၂၁)ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီသည် ရက်ပေါင်း (၁၃)ရက်ကြာ ကြည်း၊ ရေ၊ လေဖြင့် အပြင်းအထန် ခုခံကာကွယ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်က အလွယ်တကူ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ပုဏ္ဏားကျွန်းမြို့မရဲစခန်းကိုမူ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ကတည်းကပင် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားပြီးဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲတွင် (၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ်စဉ် (၄၂)၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀)မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို သေဆုံးခဲ့သည်။ 

ထိုးစစ်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်းရှိခဲ့ပြီး ခမရ (၅၅၀)တပ်ရင်းမှ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် လက်နက်ချအညံ့ခံသူများ၊ စောစီးစွာ အလံဖြူထောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တိုင်းကို အသက်ချမ်းသာပေးပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားသည်ဟု AAက ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၃)ရက်နေ့တွင် ပုဏ္ဏားကျွန်း ခမရ (၅၅၀)သို့ စစ်ကူပေးရန်လာခဲ့သော စစ်ကောင်စီ၏ ဇက်သင်္ဘော (၂)စီးကိုလည်း ရက္ခိုင့်တပ်တော်၊ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များမှ ဟန့်တားတိုက်ခိုက်နိုင်ခဲ့သည့်အပြင် ၎င်းဇက်သင်္ဘော (၂)စီးကို ကယ်တင်ရန်လာခဲ့သော နောက်ထပ်ဇက်သင်္ဘော (၁)စီးကိုလည်း ရှေ့ဆက်မတိုးနိုင်အောင် ဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါဇက်သင်္ဘော (၃)စီးစလုံးအား ရေထဲနစ်မြုပ်အောင် မတိုက်ခိုက်နိုင်သော်လည်း ဇက်သင်္ဘောပေါ်တွင် ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီသည် လေကြောင်းနှင့် စစ်တွေမြို့၊ ဘူးသီးတောင်မြို့ရှိ ၎င်းတို့၏ စခန်းများမှ လက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ နောက်ထပ်ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုအဖြစ် ထပ်မံ မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပုဏ္ဏားကျွန်းမြို့သည် ရခိုင်ဒေသအတွင်းမှ စစ်ကောင်စီကင်းစင်သည့် နောက်ထပ်တစ်မြို့ဖြစ်လာခဲ့ပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်ရေးအတွက် အခြားသော ကျန်ရှိနေသေးသည့် မြို့များကို တစ်ခုပြီး တစ်ခု မရပ်မနား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု သိရသည်။

#TachileikNewsAgency

Photo: Ponnagyun Youths Association - PYA