ကရင်နီတွင် စစ်ကောင်စီတပ်ကြောင့် (၂)နှစ်အတွင်း အရပ်သား (၁၅၂)ဦးသေဆုံးခဲ့ရ

ကရင်နီတွင် စစ်ကောင်စီတပ်ကြောင့် (၂)နှစ်အတွင်း အရပ်သား (၁၅၂)ဦးသေဆုံးခဲ့ရ
ဇွန် 5, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်တွင် အဏာသိမ်းစစ်ကောင်စီတပ်ကြောင့် (၂)နှစ်အတွင်း အရပ်သား(၁၅၂)ဦးသေဆုံးပြီး (၁၆၂)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ အရပ်သား ထိခိုက်သေဆုံးမှုအရေအတွက်မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေအိမ်(၄၂၂)လုံးကျော် ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အဦး(၁၂)လုံး၊ စာသင်ကျောင်း(၆)လုံးနှင့် ဆေးခန်း(၁၆)လုံးပျက်စီးသွားကြောင်း သိရသည်။

(၂)နှစ်ကြာကာလအတွင်း ဒီမော့ဆိုမြို့နယ်တွင် တိုက်ပွဲအကြိမ် (၃၄၀)၊ လွိုင်ကော်တွင်(၁၆၂)ကြိမ်၊ ဖရူဆိုတွင်(၁၁၃)ကြိမ်၊ ဖယ်ခုံတွင်(၁၇၀)ကြိမ်၊ ပင်လောင်းတွင် (၄၉)ကြိမ်၊ ဘောလခဲတွင် (၆၇)ကြိမ်၊ ရှားတောတွင် (၂၂)ကြိမ်၊ ဖားဆောင်းတွင်(၂)ကြိမ်၊ မယ်စဲ့တွင်(၄)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၂၀၆၅)ဦးသေကာ (၄၁)ကိုအရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ် စခန်း(၁၀)ခုကို သိမ်းပိုက်နိုင်ခဲ့ကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်(၁၃၅)ဦးကျဆုံးခဲ့သည်ဟု သိရသည်။ 

ကရင်နီပြည်နယ်ကို ၂၀၂၁ခုနှစ်၊ မေလက စတင်ကာ စစ်ကောင်စီ၏ နယ်မြေခံတပ်ရင်းများအပြင် တပ်မ(၆၆)၊ တပ်မ(၉၉)၊ စကခ(၂)၊ စကခ(၇)နှင့် တပ်မ(၁၀၁)တို့က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ (၂)နှစ်တာ စစ်ရေးအစီရင်ခံစာပါ အချက်အလက်များသည် ၂၀၂၁ခုနှစ် မေလ(၃၁)ရက်နေ့မှ ၂၀၂၃ခုနှစ် မေလ (၃၁)ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များကို ကောက်ယူစုစောင်းထားသော အချက်အလက်များဖြစ်သည်။

#TachileikNewsAgency

Photo : Karenni Nationalities Defense Force - KNDF