တရုတ်က ဝရမ်းထုတ်ထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဟောင်း ပယ်ဆောက်ချိန် အပါ ၁၀ ဦးကို စစ်ကောင်စီက တရုတ်ကိုလွှဲပြောင်း

တရုတ်က ဝရမ်းထုတ်ထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဟောင်း ပယ်ဆောက်ချိန် အပါ ၁၀ ဦးကို စစ်ကောင်စီက တရုတ်ကိုလွှဲပြောင်း
ဇန်နဝါရီ 31, 2024 | 2021 Military Coup| ရှမ်းမြောက်

ကျားဖြန့်လုပ်ငန်း(ခေါ်)အွန်လိုင်းငွေလိမ်လည်မှုဖြင့် တရုတ်နိုင်ငံက ဝရမ်းထုတ်ထားသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဟောင်း ပယ်ဆောက်ချိန်အပါ (၁၀)ဦးကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ ညပိုင်းတွင် နေပြည်တော်မှတဆင့် တရုတ်နိုင်ငံတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

အဆိုပါ(၁၀)ဦးတွင် တရုတ်အစိုးရဘက်က ဝရမ်းထုတ်ထားသည့် ပယ်ဆောက်ချိန်၊ ၎င်း၏သား ပယ်ရင်ချန် ၊ ဝေမိသားစုမှ အမှတ် (၁၀၀၆)နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ ဥက္ကဌ ဝေဆန်းနှင့် ဖူလီလိုက်လုပ်ငန်းရှင် လျိုအားပေါက်တို့ ပါဝင်သည်ဟု သိရသည်။

၎င်းတို့ကို တရုတ်ရဲတပ်ဖွဲ့များက နေပြည်တော်လေဆိပ်ထိ ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွာခြင်းဖြစ်ပြီး ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့သည် ကုမ္ပဏီတည်ထောင်၍ ဆိုက်ဘာမှုခင်းများနှင့် အခြားပြစ်မှုများကို ကျူးလွန်ထားကြသူများဖြစ်သည့်အပြင် ကျားဖြန့်လုပ်ငန်းများကို လုပ်ဆောင်ရာတွင် မတရားချုပ်နှောင် အကြပ်ကိုင်စေခိုင်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသတ်သည်များအထိ ရာဇဝတ်မှုကျူးလွန်ကြသူများဖြစ်သဖြင့် တရုတ်နိုင်ငံ ဖူကျင့်ပြည်နယ် ချုံချင့် မြို့ရဲဌာနများမှ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ ရက်စွဲဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းဖမ်းဝရမ်းမတိုင်ခင် နိုဝင်ဘာလ (၁၂)ရက်နေ့တွင် တရုတ်က ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်ပြီး ဦးမြီရှောက်ချန်းနှင့် သားဖြစ်သူ မင်ကော်ဖျန်၊ သမီးဖြစ်သူ မင်ကျီလန်အပါအဝင် မြေးဖြစ်သူ မင်ကျိန်းကျိန်းတို့(၄)ဦးကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ရာ နိုဝင်ဘာလ (၁၆)ရက်နေ့တွင် (၃)ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဦးမြီရှောက်ချန်းမှာ ဖမ်းဆီးမှုအတွင်း ကိုယ့်ကိုကိုယ် သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်သွားသည်ဟု သိရသည်။

၁၉၉၂ ခုနှစ်တွင် ပယ်ဆောက်ချိန်သည် စစ်တပ်၏ အထောက်အပံ့ဖြင့် ဖုန်ကြားရှင်အား ဖယ်ရှားခဲ့ပြီးနောက် ပယ်ဆောက်ချိန်၏ ဦးစီးအဖွဲ့ကို နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် စစ်တပ်က အသိအမှတ်ပြုခဲ့သည်။

ထို့နောက် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပယ်ဆောက်ချိန်သည် ကိုးကန့်မဲဆန္ဒနယ် အမှတ်(၂)ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့  ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ 

၎င်း၏ အုပ်ချုပ်မှုအောက်တွင် ကိုးကန့်ဒေသသည် မူးယစ်ဆေးနှင့် လက်နက်ရောင်းဝယ်မှုများကြောင့် ထင်ရှားလာခဲ့ကာ လူသိရှင်ကြား နေထိုင်လေ့မရှိဘဲ ၂၀၁၂ ခုနှစ် မတ်လတွင် လုပ်ကြံရန်ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့သေးသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး မကြာမီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် စစ်ကောင်စီက ကြံ့ဖွံ့ပါတီဝင်ဟောင်း ဦးမြင့်ဆွေကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ကာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တရုတ်က ပယ်ဆောက်ချိန်ကို ကျားဖြန့်လုပ်ငန်းလုပ်ကိုင်မှုဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သဖြင့် ကိုးကန့်ဒေသမှ စစ်တပ်အကူအညီဖြင့် ထွက်ခွာခဲ့သည်။

ထို့နောက် ယမန်နေ့တွင် နေပြည်တော်၌ ၎င်းအား စစ်ကောင်စီက တရုတ်ကို လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်သည်။

#TachileikNewsAgency