မြင်းမူတွင် ရွာဝင်စီးခံရသဖြင့် ထွက်ပြေးလာသည့် အရပ်သားများအား ကယ်ထုတ်လာသည့် PDF ရဲဘော် ၂၆ ဦး ဖမ်းဆီးပစ်သတ်ခံရပြီး ၃ ဦးလွတ်မြောက်

မြင်းမူတွင် ရွာဝင်စီးခံရသဖြင့် ထွက်ပြေးလာသည့် အရပ်သားများအား ကယ်ထုတ်လာသည့် PDF ရဲဘော် ၂၆ ဦး ဖမ်းဆီးပစ်သတ်ခံရပြီး ၃ ဦးလွတ်မြောက်
စက်တင်ဘာ 23, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာကိုဝင်စီးသဖြင့် ထွက်ပြေးလာသည့် အရပ်သားများအား ကယ်ထုတ်လာသော ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် ပစ်သတ်ခံရကာ ရဲဘော်(၂၆)ဦး ကျဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ စက်တင်ဘာလ (၂၂)ရက်နေ့ ညနေပိုင်းက မြင်းမူနယ် ဂွေးပင်တောရွာမှ ထွက်လာပြီး ညပိုင်းတွင် ကြော့မင်းရွာအား ဝင်ရောက်လာသဖြင့် ထွက်ပြေးလာသည့် အရပ်သားများအား ကယ်ထုတ်လာသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်(၂၆)ဦးကို ခြေရာတော်နှင့် ကြော့မင်းရွာကြားတွင် ဖမ်းဆီးကာ ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ကြော့မင်းရွာမရောက်ခင်မှာ ကြော့မင်းရွာရောက်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေကော ဒေသခံတွေကောပေါ့နော် စစ်ရှောင်ကြတယ်ပေါ့နော်။ ဘယ်ကိုသွားရှောင်လဲဆိုတော့ ခြေရာတော်ကို သွားရှောင်ကြတယ်။ စစ်ကောင်စီတပ်တွေ ထွက်လာတာကိုတော့သိတယ်။ ဒါပေမယ့် ဘယ်နားရောက်နေလဲဆိုတာတော့မသိဘူး။ ဘာလို့လည်းဆိုတော့ မြောင်လမ်းခွဲကနေဝင်လာတာဆိုတော့ ကားလမ်းကတစ်လမ်းပဲရှိတာပေါ့နော်။ မြောင်လမ်းခွဲကနေ နာရီဝက်လောက် ဆက်လျှောက်ရင် ကြော့မင်းကိုရောက်မှာ မြောင်လမ်းခွဲကနေ ထွက်လာတာကိုတော့ သိတယ်။ ဒါပေမယ့် ဘယ်ကိုရောက်နေမှန်းမသိလို့ ဒီလိုပဲလွတ်ကင်းမယ်ထင်တဲ့နေရာကို ရှောင်ကြတာပေါ့။ သူတို့ခြေရာတော်ကို မရောက်ခင်မှာ ခွေးတွေက ခြေရာ တော်ကို ကြိုရောက်နေတယ်။ ကြိုရောက်နေလို့ ခြေရာတော်နဲ့ ကြော့မင်းကြား ကားလမ်းပေါ်မှာပဲ ဖမ်းခံလိုက်ရတာ။”ဟု မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)မှ တာဝန်ရှိသူ ကိုနွေဦးက Tachileik News Agencyကိုပြောသည်။

ဖမ်းဆီးခံရစဉ် မြင်းမူ Black Eagleတပ်ဖွဲ့မှ ရဲဘော်(၃)ဦး လွတ်မြောက်လာခဲ့ပြီး မြောင် ပလဖမှ ရဲဘော် (၂)ဦး၊ မြင်းမူ Black Eagle တပ်ဖွဲ့မှ ရဲဘော်(၁၈)ဦး၊ မြောင် MRA တပ်ဖွဲ့မှ ရဲဘော်(၆)ဦးတို့ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ 

“မနေ့ညက တစ်ဦးက ထွက်ပြေးလွတ်မြောက်လာတယ်။ မနက်လင်းတဲ့အခါမှာ သူနဲ့အတူထွက်ပြေးလာတာက (၃)ဦးပေါ့လေ။ ကျန်နှစ်ဦးက တောထဲမှာပုန်းနေတော့ ဒီနေ့မနက်မှာ လွတ်တယ်ပေါ့။ ဒီနေ့မနက် ကျွန်တော်တို့ အလောင်းတွေရှာတော့ အားလုံး(၂၆)လောင်းတွေ့ရှိတယ်။”ဟု  ကိုနွေဦးက ဆက်ပြောသည်။

အဆိုပါစစ်ကောင်စီတပ်များသည် မြောင်လမ်းခွဲတွင် တပ်စွဲထားသည့်တပ်ဖွဲ့ဖြစ်ပြီး ကြော့မင်းရွာကို ဝင်စီးသည့်အဖွဲ့မှာလည်း ၎င်းနေရာမှပင် ထွက်လာသည့် တပ်ဖွဲ့ဖြစ်သည်ဟုဆိုသည်။

 

“ကားလမ်းပေါ်ဆိုတော့ စစ်ဘေးရှောင်တွေကော အကုန်လုံးပြည့်ပြီးပိတ်နေတယ်။ မောင်းချင်သလိုလည်းမောင်းမရဘူး။ အဲဒီအချိန်မှာပဲ ကားတန်းရဲ့အရှေ့က တစ်ဖွဲ့၊ ကားတန်းရဲ့နောက်ကတစ်ဖွဲ့ ညှပ်ပြီးတော့ ဖမ်းလိုက်တဲ့သဘောပေါ့နော်။”ဟု ကိုနွေဦးက ဆက်ပြောသည်။

ထို့နောက် မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)တပ်ဖွဲ့ကို လာရောက်ကူညီပေးရန် အကူအညီတောင်းသဖြင့် ဒရုန်းတပ်ဖွဲ့၊ မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့တို့နှင့် သွားရောက်ကူညီပေးခဲ့သော်လည်း မြောင်မှ မြင်းမူအထိ သွားရောက်ခဲ့ရသဖြင့် အချိန်မမီဖြစ်ခဲ့ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ရောက်တော့ ခွေးတွေထွက်သွားတော့ အလောင်းတွေပဲ ရှာဖွေပြီးတော့ သဂြိုလ်နိုင်အောင်ပဲ ကူညီပေးခဲ့တာပေါ့နော်။ အခုလက်ရှိတော့ ဒီကောင်တွေ ဝင်ရောက်တပ်စွဲသွားတဲ့ မြောင်မြို့ နယ်ထွေအုပ်ရုံးထဲကို ဒရုန်း(၂)စင်းနဲ့ ဗုံးသီး(၁၂)လုံး ရှိသွားပြီပေါ့နော်။ စစ်ကောင်စီတပ်သား (၉)ဦးထိတယ်။ (၅)ဦးသေတယ်။”ဟု ကိုနွေဦးကပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကြောင့် ခြေရာတော်ဘက်မှ ရွာများ၊ မြောင်မြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများမှာ နီးစပ်ရာ ကျေးရွာစာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်နေကြရသည်ဟု သိရသည်။ 

“အခုဖြစ်စဉ်မှာ အရပ်သားဖမ်းဆီးခံရတာရှိတယ်။ အသတ်ခံတဲ့အထဲမှာတော့ အရပ်သားမပါဘူး။ အရပ်သားဘယ်နှစ်ဦးဖမ်းခေါ်ခံရလဲတော့ တိတိကျကျ မသိရသေးဘူးဗျ။ ရွာခံတွေကိုယ်တိုင်က ဝုန်းဒိုင်းတိမ်းရှောင်ကြရတာဆိုတော့ ဘယ်သူတွေကျန်ခဲ့လဲ၊ ဖမ်းခံရလဲဆိုတာတော့ အခုချိန်ထိ အဆက်သွယ်မရကြသေးဘူး။”ဟု ကိုနွေဦးကပြောသည်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ PDFရဲဘော်များအား စစ်ကောင်စီတပ်များက ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းစဉ် လမ်းဘေး ဝဲ၊ ယာမှ နှစ်ဖက်ညှပ်ပြီး ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်(၂၅)ဦးသေဆုံးကာ လက်လုပ်သေနတ်(အရှည်) (၈)လက်၊ လက်လုပ်သေနတ်(အတို) (၂)လက်၊ ကျည်အိမ်(၈)ခု၊ (၁၂)ဗို့ကျည် (၂၀၀)တောင့်၊ အမ်(၂၂)ကျည် (၈၀)တောင့်၊ လက်လုပ်မိုင်း (၂)လုံးတို့အပြင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ရေးသားထားသည်။

#TachileikNewsAgency