နမ့်ခမ်းနှင့် နမ့်ဆန်တို့တွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများစွာအသုံးပြု 

နမ့်ခမ်းနှင့် နမ့်ဆန်တို့တွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများစွာအသုံးပြု 
ဒီဇင်ဘာ 12, 2023 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်နှင့် နမ့်ခမ်းမြို့နယ်တို့၌ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းကို TNLAက တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် (၂)ကြိမ်၊ Mi35 ဖြင့် (၃)ကြိမ်နှင့် Y12ဖြင့် (၆)ကြိမ် ဗုံး(၁၈)လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ မန်တုံ(၁၃၀)တပ်စခန်းမှ လက်နက်ကြီးဖြင့် (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမ့်ဆန်မြို့နယ် အတွင်းသို့ Y12 လေယာဥ်ဖြင့် လက်ရှိအချိန်ထိ ဗုံး(၄)ကြိမ် လာရောက်ကြဲချခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကြောင့် နေအိမ်(၁၀)လုံးအထက် ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် စခန်းသစ်ကုန်းတပ်စခန်းကို ကာကွယ်ရန် လေကြောင်းတိုက်ခိုက်မှု Jet Fighterဖြင့် (၂၁၅)ကြိမ်၊ Y8/Y12 လေယာဥ်ဖြင့် (၆၂)ကြိမ်၊ Mi35ဖြင့် (၉)ကြိမ်၊ ဓာတုအဆိပ်ငွေ့ဗုံးဖြင့် (၃)ကြိမ်၊ စစ်ကောင်စီ၏ မန်တတ်တပ်စခန်းနှင့် နမ့်ဖတ်ကာတပ်စခန်းတို့မှ လက်နက်ကြီးဖြင့် (၃၅၀)ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု TNLAထံမှ သိရသည်။

#TachileikNewsAgency