ကျောက်မဲတွင် အသုံးပြုရန်အတွက် ပြည်နယ်အစိုးရက ဝယ်ယူပေးထားသည့် အဆင့်မြင့်ခေတ်မီ မီးငြိမ်းသတ်ယာဉ် မိတ်ဆက်ခြင်း နှင့် လက်တွေ့ သရုပ်ပြ

ကျောက်မဲတွင် အသုံးပြုရန်အတွက် ပြည်နယ်အစိုးရက ဝယ်ယူပေးထားသည့် အဆင့်မြင့်ခေတ်မီ မီးငြိမ်းသတ်ယာဉ် မိတ်ဆက်ခြင်း နှင့် လက်တွေ့ သရုပ်ပြ
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency

ကျောက်မဲတွင် အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရက ဝယ်ယူပေးထားသည့် အဆင့်မြင့်ခေတ်မီ မီးငြိမ်းသတ်ယာဉ် မိတ်ဆက်ခြင်း နှင့် လက်တွေ့ သရုပ်ပြကို ဗဟိုဈေးကြီးတွင် ပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွက် အသုံးအပြုနိုင်ရန် ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြု ရန်ပုံငွေ ဖြင့် ဝယ်ယူ ရရှိခဲ့သည့်  အဆင့်မြင့် ခေတ်မီ မီးငြိမ်းသတ်ရေး FOAM FIRE TRUCK ယာဥ်အား မိတ်ဆက်ခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းကို ကျောက်မဲမြို့ရှိ   ဗဟိုစျေးကြီးအနီးတွင် ၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

''ဗဟိုစျေးကြီးက မြို့ရဲ့အလယ်တည့်တည့်မှာရှိတဲ့ အဓိကနေရာတစ်ခု ဖြစ်တဲ့အတွက် မီးဘေးအပါအဝင် သဘာဝဘေးအန္တရာယ်တွေကနေ ကြိုတင်ကာကွယ်နိုင်ဖို့၊ အဲ့လိုတွေဖြစ်လာရင် ဘယ်လိုငြိမ်းသတ် ဖြေရှင်း ရမယ် ဆိုတာကို လက်တွေ့သရုပ်ပြတာ ဖြစ်ပါတယ်၊ ရှမ်းပြည်နယ်အစိုးရရဲ့ ခွင့်ပြု ရန်ပုံငွေနဲ့ဝယ်ယူ ထားတဲ့ အဆင့်မြင့် မီးငြိမ်းသတ်ယာဥ် အသစ်နဲ့ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်း တွေကို အများပြည်သူ သိရှိစေဖို့လဲ အသိပညာပေးတာ ဖြစ်ပါတယ်"ဟု ကျောက်မဲခရိုင်မီးသတ် ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သော ငွေကျပ် သိန်းပေါင်း ( ၁၃၅၀ ) တန်ဖိုးရှိ HOWO အမျိုးအစား ( foam 2000L & 6000L ၊ water tank 8000L ၊ Digital System ) အဆင့်မြင့် မီးငြိမ်းသတ်ယာဥ်၊ စက္ကန့်သုံးဆယ် အတွင်း တပ်ဆင်အသုံးပြုနိုင်သည့် Jumping Sheeting SP ( 16 ) လေမွေ့ယာနှင့် Chemical ပစ္စည်းများမီးလောင်သည့်အခါ ဝတ်ဆင်ငြိမ်းသတ်ရမည့် ဓါတုဗေဒ ထိန်းချုပ်ရေးဝတ်စုံ တို့အား အသုံးပြုပုံကို လက်တွေ့ သရုပ်ပြခဲ့သည်။

ခရိုင်မီးသတ်ဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ကျောက်မဲဗဟိုစျေးကြီး မှ စျေးသူစျေးသားများအား လက်တွေ့မီးငြိမ်းသတ် သရုပ်ပြခြင်းကို လုပ်ဆောင်ပေးခဲ့ကာ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၏ လုပ်ဆောင်နိုင်စွမ်းများအား ရှင်းလင်းပြောပြခြင်း၊ သုံးထပ်နှင့် အထက် (အထပ်မြင့်) အဆောက်အဦများ၌ မီးဘေး နှင့် သဘာဝ ဘေးအန္တရာယ်များအတွက် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လက်တွေ့သရုပ်ပြပွဲသို့ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ နှင့် သက်ဆိုင်ရာဌာနများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြရာ မီးသတ်တပ်ဖွဲ့က လက်တွေ့မီးငြိမ်းသတ်မှုများ ပါဝင်  Fire Alarm System Box နှင့် 191 Report Application တို့၏ အသုံးဝင်ပုံကိုလဲ  လက်တွေ့သရုပ်ပြခဲ့ကြသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~