ကျောက်မဲနှင့် နောင်ချိုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတို့မှ ပစ်ခတ်နေ 

ကျောက်မဲနှင့် နောင်ချိုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတို့မှ ပစ်ခတ်နေ 
နိုဝင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးအပြင် လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်(၁၁)နာရီကျော်တွင် ကျောက်မဲမြို့နယ် နောင်ပြစ်ရွာကို စစ်ကောင်စီတပ်၏ ကျောက်မဲအခြေစိုက် ခလရ(၅၀၂)တပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကာ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာကိုလည်း တိုက်လေယာဉ်ဖြင့် (၂)ကြိမ် လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

"ဒီဖက်ခြမ်းမှာ တိုက်ပွဲမရှိဘူး။ လားရှိုးဖက်မှာရှိတယ်။"ဟု ‌စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာသို့ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေများကို အသေးစိတ်မသိရသေးပါ။

မဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေး (၅)ရက်တာကာလအတွင်း တအာင်းဒေသ၌ စစ်ဘေးရှောင် (၁၅၀,၀၀၀)ကျော် ရှိနေပြီဖြစ်ကာ အရေးပေါ်အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

#TachileikNewsAgency