နမ့်ခမ်းမြို့အတွင်း လူသစ်စုဆောင်းခြင်းနှင့် စစ်ရေးလှုပ်ရှားခြင်းမပြုလုပ်ရန် SSPPကို TNLA မေတ္တာရပ်ခံထား

နမ့်ခမ်းမြို့အတွင်း လူသစ်စုဆောင်းခြင်းနှင့် စစ်ရေးလှုပ်ရှားခြင်းမပြုလုပ်ရန် SSPPကို TNLA မေတ္တာရပ်ခံထား
ဇန်နဝါရီ 23, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တိုက်ခိုက်သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့အတွင်း တပ်သားစု ဆောင်းခြင်းအများအပါအဝင် စစ်ရေးကိစ္စများ ဆက်လက်မလုပ်ကိုင်ရန် SSPPကို TNLAက မေတ္တာရပ်ခံစာ ပေးပို့ထားသည်ဟု သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်များသည် လူသစ်စုဆောင်းခြင်း၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသဖြင့် ဆက်လက်မလုပ်ဆောင်ရန် TNLAက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် မေတ္တာရပ်ခံစာ ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ပေးပို့ထားသည့်စာတွင် SSPPမှ TNLA၏ နမ့်ခမ်းမြို့နယ်မှ ဒေသနေရှမ်းလူထုကို ကျေးရွာလုံခြုံရေးတပ်ဖွဲ့စည်းရန်နှင့် စစ်မှုထမ်းရန် ဆောင်ရွက်နေသည်ကို ရပ်ရွာအုပ်ချုပ်ရေးမှူးအဖွဲ့များမှ တင်ပြလာသဖြင့် သိရှိရသည်ဟုပါရှိသည်။

နမ့်ခမ်းမြို့ဧရိယာအတွင်းရှိ ပြည်သူများသည် လွတ်မြောက်၊ လွတ်လပ်သည့် ပြည်သူများဖြစ်ကာ နမ့်ခမ်းမြို့ရှိ ဗမာစစ်အာဏာရှင်အုပ်စုကို ဖယ်ရှားရှင်းလင်းမောင်းထုတ်သည့် TNLAမှလည်း နမ့်ခမ်းမြို့ရှိ ပြည်သူများ၏ သဘောဆန္ဒအတိုင်း နမ့်ခမ်းမြို့ တည်ငြိမ်ဖွံ့ဖြိုးလာရေးအတွက် တာဝန်ယူဆောင်ရွက်နေပြီဟုလည်း ပါရှိသည်။

အဆိုပါအကြောင်းကြားစာကို SSPPဘက်က လက်ခံရရှိထားပြီး ပြန်လည်အကြောင်းကြားခြင်းမရှိသေးဟု ဆိုသည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ SSPPကို Tachileik News Agencyက ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ စစ်‌ကောင်စီလော်ဘီများကမူ တအာင်းလူမျိုးနှင့် ရှမ်းလူမျိုးတို့အကြား လူမျိုးရေးပဋိပက္ခဖြစ်စေရန် လှုံ့ဆော် မှုများရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က နမ့်ခမ်းမြို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နမ့်ခမ်းမြို့သို့ တိမ်းရှောင်နေကြရသည့် ဒေသခံများ ပြန်လည်ဝင်ရောက်လာပြီဖြစ်ပြီး မြို့မှာလည်း ပြန်လည်စည်ကားလာကာ မြို့အနှံ့တွင် TNLAက လုံခြုံရေးဂိတ်များချထားပြီး မြို့ကိုလည်း ထိန်းချုပ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency