ဆီဆိုင်မြို့ကို ပစ္စည်းပြန်ယူသည့် အရပ်သားယာဥ်တန်း နှင့် ဘုရားဖြူရွာတို့တွင် လက်နက်ကြီးကျကာ အရပ်သားများ ထိခိုက်ဒဏ်ရာရ

ဆီဆိုင်မြို့ကို ပစ္စည်းပြန်ယူသည့် အရပ်သားယာဥ်တန်း နှင့် ဘုရားဖြူရွာတို့တွင် လက်နက်ကြီးကျကာ အရပ်သားများ ထိခိုက်ဒဏ်ရာရ
ဖေဖော်ဝါရီ 19, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ပစ္စည်းပြန်ယူသည့် ဒေသခံများ၏ ကားတန်း လက်နက်ကြီးကျကာ ကားနှစ်စီးပျက်စီးပြီး အရပ်သား(၂)ဦး ဒဏ်ရာရပြီး ဘုရားဖြူရွာကိုလည်း လက်နက်ကြီးကျကာ ဒေသခံ (၆)ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့တွင် ဆီဆိုင်မြို့အတွင်းသို့ ပစ္စည်းပြန်ယူခွင့်ပြုကြောင်း ကောလာဟလသတင်းကြောင့် ပစ္စည်းပြန်ယူသည့် တိမ်းရှောင်နေသော ဒေသခံများသည် ဆီဆိုင်မြို့သို့ ကားများဖြင့်ပြန်လာစဉ် ဆီဆိုင်-တောင်ကြီး (၅၈)မိုင်လမ်း၌ လက်နက်ကြီးထိမှန်သွားခြင်းဖြစ်ကြောင်း သိရသည်။ 

“ဆီဆိုင်မြို့ပစ္စည်းပြန်သယ်တဲ့ ယာဉ်တန်းတွေ အပစ်ခံရတယ်။ မြောက်ဖက်ကနေ နှစ်လုံးပစ်ပြီး ဆီဆိုင်မြို့ထဲ တစ်လုံးကျတယ်။ အရပ်သား(၂)ဦးဒဏ်ရာရတယ်။ ဖုန်းလိုင်းဖြတ်ထားလို့ သေဆုံးမှုရှိ၊ မရှိတော့မသိရသေးဘူး။ လှည့်မပြန်နိုင်သေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆)ရက်နေ့ကတည်းက ဆိုက်ခေါင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးအထိုင်စခန်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့ကို လက်နက်ကြီးနှင့် အကြိမ်ပေါင်းများစွာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ညပိုင်းကစတင်၍ ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။ 

“လက်နက်ကြီးနဲ့ပစ်လို့ ဘုရားဖြူရွာသား(၆)ယောက် လက်နက်ကြီးထိထားတယ်။ ကယ်ထုပ်ဖို့ အဆင်မပြေသေးဘူး။ ဒီမနက်ထိပစ်နေတာပါ။ လက်နက်ကြီးဘဲ ပစ်နေတာပါ။  မင်္ဂလာရဲစခန်းတောင်ဘက်က တတန်းလုံးလောင်သွားတယ်။ လက်နက်ကြီးထိတာပါ။”ဟု ဆီဆိုင်မြို့ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဆိုက်ခေါင်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်၏ လက်နက်ကြီးစခန်းမှ တစ်ညလုံးပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“မနက်လည်း လက်နက်ကြီးတစ်လုံးကျလို့ ဒဏ်ရာရသူတွေရှိတယ်။ မနေ့ညကတော့ တစ်ချို့ ရပ်ကွက်တွေထဲ မီးလောင်နေတယ်။ ဒေသခံတချို့က မတိမ်းရှောင်တော့ မြို့ထဲမှာရှိနေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို လက်နက်ကြီးနှင့်ပစ်ခတ်ရာ ဘုရားဖြူ အထက်တန်းကျောင်းအရှေ့ဘက်ရှိ အောင်ချမ်းသာရပ်ကွက်အတွင်းကျရောက်ပြီး ရွှေသံလွင်ဆိုင်ထိမှန်မီးလောင် ပျက်စီးခဲ့သည်။ 

စစ်ကောင်စီနှင့် အပေါင်းအပါပြည်သူ့စစ်များက ပအိုဝ်းဒေသကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ဘာသာရေးအဆောက်အဦး(၇)ခုထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပြီး နေအိမ်(၅၀)ကျော် ပျက်စီးခဲ့ပြီးဖြစ်သည်။

#TachileikNewsAgency