ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ် 

ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ် 
စက်တင်ဘာ 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ပူး‌ပေါင်း ပြည်သူ့စစ်များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်နေသည့် TNLAတပ်ဖွဲ့နှင့် ကွတ်ခိုင်မြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီလက်အောက်ခံ စကခ(၇)၊ ခမရ(၅၇၇)(၅၇၄)နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ခိုမုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဗုံးကြဲတာကတော့ ရွာနဲ့လူတော့ ထိခိုက်မှုမရှိဘူး။ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို လာကြဲတာတစ်ခါပဲ။ လက်ရှိအခြေအနေတော့ ငြိမ်နေတယ်။ ဒေသခံတိမ်းရှောင်ရတာတော့ ရှိပါတယ် ရွာလုံးကျွတ်ကြီးတော့မဟုတ်ဘူးပေါ့။"‌ဟု မြေပြင်အခြေအနေကိုသိသော TNLAတာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ယမန်နေ့ စက်တင်ဘာလ (၂၇)ရက်နေ့ကလည်း TNLAတပ်များရှိရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီလက်အောက်ခံ စကခ(၇)၊ ခမရ (၅၇၇)(၅၇၄)နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် TNLAတို့ လင်းလုံရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စစ်ကောင်စီတပ်အခြေစိုက် (၆၈)မိုင်တပ်စခန်းမှလည်း လက်နက်ကြီး(၄)လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် TNLAတို့အကြား စက်တင်ဘာလ တစ်လအတွင်း တိုက်ပွဲပေါင်း (၄၁)ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLAထံမှ သိရသည်။

#TachileikNewsAgency