တနင်္သာရီတိုင်းတွင် သင်္ကြန်အကြိုနေ့၌ လမ်းကင်းချနေသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်                                                                                        

တနင်္သာရီတိုင်းတွင် သင်္ကြန်အကြိုနေ့၌ လမ်းကင်းချနေသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်                                                                                        

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းရွာကြားတွင် လမ်းကင်းချနေသည့် စစ်ကောင်စီတပ်သားများအား တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ နံနက်(၇)နာရီခွဲတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တနင်္သာရီ-ပကဖ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

နံနက်(၈)နာရီခွဲခန့်တွင် စစ်ကောင်စီယာဉ်တန်းအား ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုက်ခိုက်မှုကို တနင်္သာရီ ပကဖ(ဇုန်-၅)တောဗုံးကြီးအဖွဲ့၊ပုလော ပကဖတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်အပြီးတွင် စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့ နံနက်(၇)နာရီခန့်တွင် တနင်္သာရီမြို့နယ် ကမ္မလိုင်းရွာအခြေစိုက် အမှတ်(၅၅၈)တပ်ရင်းအနီး စစ်ကောင်စီယာဉ်တန်းအလာ လမ်းကင်းချထားသည့် စစ်ကောင်စီတပ်သားများအား တနင်္သာရီ ပကဖ (ဇုန်-၄)တောင်ပံနီအဖွဲ့ ဦးဆောင်သော မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)တို့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ တစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် ဧပြီလ ၁၀ ရက်နေ့ နံနက်ခြောက်နာရီခွဲ အချိန်တွင် ရမ်းဖိုဖက်မှ ဘန်းလမွတ်ရွာဖက်သို့ ခြေလျင်တက်လာသော စစ်ကောင်စီတပ်သားများအား ညောင်ပင်ကုန်းနှင့် ဘန်းလမွတ်ရွာကြားတွင် တနင်္သာရီ ပကဖ (ဇုန်-၅)တောဗုံးကြီးအဖွဲ့မှ တစ်ရက်တည်း (၃)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ အရာရှိတစ်ဦးသေဆုံးကာ တပ်သားသုံးဦး အပြင်းထန်ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency