နွေဦးတော်လှန်ရေးတွင်  ရင်းနှီးပေးဆပ် တိုက်ပွဲဝင်နေသူများ အားလုံးကို ဆက်လက်ကူညီမည်ဟု မြောက်ပိုင်းညီနောင် မဟာမိတ်(၃)ဖွဲ့က ဆို

နွေဦးတော်လှန်ရေးတွင်  ရင်းနှီးပေးဆပ် တိုက်ပွဲဝင်နေသူများ အားလုံးကို ဆက်လက်ကူညီမည်ဟု မြောက်ပိုင်းညီနောင် မဟာမိတ်(၃)ဖွဲ့က ဆို
ဖေဖော်ဝါရီ 9, 2023 | 2021 Military Coup| ရှမ်းမြောက်

 

နွေဦးတော်လှန်ရေးတွင် ရင်းနှီးပေးဆပ်တိုက်ပွဲ ဝင်နေသူများ အားလုံးကို ကူညီပံ့ပိုးလို့ ရသမျှအရာများကို အတတ်နိုင်ဆုံး ဆက်လက် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ဖွဲ့စည်းလှုပ်ရှားမှု (၂)နှစ်ပြည့်အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့အနေဖြင့် ဘဝတူ မြန်မာပြည်သား၊ တိုင်းရင်းသား ပြည်သူလူထု၏ နိုင်ငံရေးဆန္ဒ‌မျှော်မှန်းချက်များကို အမြဲတမ်းလေးစားအသိအမှတ်ပြုပြီး ဘုံရပ်တည်ချက်၊ ဘုံရည်မှန်းချက် တူညီသောသူများနှင့် တစ်သားတည်းရပ်တည်လျှက်ရှိသည်ဟု ဆိုသည်။

နွေဦးတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး၊ ဘဝ၊ အိုးအိမ်၊ ပိုင်ဆိုင်မှုမြောက်များစွာတို့ကို ရင်းနှီးပေးဆပ်တိုက်ပွဲဝင်နေကြသောသူများအားလုံးကိုလည်း ကိုယ်ချင်းစာတရား အပြည့်အဝဖြင့် စာနာနားလည်ပြီး ညီနောင်မဟာမိတ် (၃)ဖွဲ့အနေဖြင့် ကူညီပံ့ပိုးလို့ ရသည့်အရာများကို အတတ်ဆုံး ဆက်လက်ကူညီပေးသွားမည်ဟု ဆိုသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ် (၃)ဖွဲ့တွင် ရက္ခိုင့်တပ်တော်( Arakan Army - AA )၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( Ta'ang National Liberation Army - TNLA )နှင့် မြန်မာအမျိုးသား ဒီမိုကရင်တစ်တပ်မတော်( Myanmar National Democratic Alliance Army - MNDAA )တို့ ပါဝင်သည်။