မဘိမ်းမြို့ကိုသိမ်းပြီး ထီးချိုင့်မြို့ကို KIA၊ AA နှင့် ဒေသကာကွယ်ရေးတပ်များက ဟန်ချက်ညီထိုးစစ်ဆင်

မဘိမ်းမြို့ကိုသိမ်းပြီး ထီးချိုင့်မြို့ကို KIA၊ AA နှင့် ဒေသကာကွယ်ရေးတပ်များက ဟန်ချက်ညီထိုးစစ်ဆင်
ဇန်နဝါရီ 23, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းမြောက်ရှိ မဘိမ်းမြို့ကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီး ထီးချိုင့်မြို့တွင် ဟန်ချက်ညီထိုးစစ်များ ဆက်လက်ဆင်နွှဲနေကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်(AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အပါအဝင် ဒေသခံပူးပေါင်းတပ်များ၏ ဟန်ချက်ညီထိုးစစ်ဆင်တိုက်ခိုက်မှုများကို မိုးမိတ်မြို့နှင့် ထိစပ်နေသည့် မဘိမ်းမြို့တွင် ဖော်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

မဘိမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား စုပေါင်းအဖွဲ့မှ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး မဘိမ်းမြို့အား ဇန်နဝါရီလ (၂၁)ရက်နေ့မှ စတင်၍ အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ ၌လည်း KIAနှင့် AA တပ်တို့သည် ထီးချိုင့်ပတ်ဝန်းကျင်ရှိ ဒေသခံကာကွယ်ရေးတပ်များနှင့်အတူ ပူးတွဲစစ်ဆင်ရေးကို စုပေါင်းပြီး ဟန်ချက်ညီထိုးစစ်အား ဆင်နွှဲနေသည်ဟု သိရသည်။

ရခိုင်ဒေသတွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး ရှမ်းမြောက်ဒေသတွင် တော်လှန်ရေးတပ်များက စတင်ထိုးစစ်ဆင်ခြင်းများ မရှိခဲ့သော်လည်း စစ်ကောင်စီသည် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းများအပြင် မြေပြင်မှလည်း အလစ်အငိုက် ထိုးစစ်များကိုပါ ပြုလုပ်ခဲ့သောကြောင့် တအာင်းဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ ထပ်မံဖြည့်တင်းလာသည့် စစ်အင်အားများနှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

#TachileikNewsAgency