ဘီးလင်းမြို့နယ်တွင် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲပြီး ဒရုန်းဖြင့်တိုက်ခိုက်

ဘီးလင်းမြို့နယ်တွင် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲပြီး ဒရုန်းဖြင့်တိုက်ခိုက်
အောက်တိုဘာ 19, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြီးခဲ့သည့် အောက်တိုဘာလ (၁၇)ရက်နေ့က (၂)ကြိမ် မိုင်းခွဲကာ တစ်ကြိမ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိရသည်။

ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအုပ်စုအဝင်လမ်းတွင် ကင်းပုန်းဝပ်ရန် ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများကို နံနက်(၉)နာရီကျော်တွင် မိုင်း(၂)လုံးခွဲ တိုက်ခိုက်ခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ဒေါက်ရပ်ကျေးရွာအုပ်စု ရွှေအင်ဒုံဘုရားကုန်း၌ ကင်းပုန်းဝပ်ရန် ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ကို ပူးပေါင်းအဖွဲ့မှ မိုင်း(၁၀)လုံးခွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့နောက် နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် ဒေါက်ရပ်ကျေးရွာအုပ်စု ရွှေကုက္ကိုလ်ကွေ့တွင် ကင်းပုန်းဝပ်ရန် ရောက်ရှိလာသော စစ်ကောင်စီတပ်သားများကို Drone Bomb (၂)လုံးဖြင့် ထပ်ထံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ပြီး တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ(၂)၊ သထုံခရိုင် တပ်မဟာ(၁)၊ KNLA/PDF တပ်ရင်း(၂)၊ တပင်ရွှေထီးပူးပေါင်းစစ်ကြောင်းနှင့်အတူ ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency