ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျကာ ဒေသခံ(၃)ဦး ဒဏ်ရာရ၊ နေအိမ်ပစ္စည်းပြန်ယူသူ တစ်ဦးလည်း ဖမ်းဆီးခံရ

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျကာ ဒေသခံ(၃)ဦး ဒဏ်ရာရ၊ နေအိမ်ပစ္စည်းပြန်ယူသူ တစ်ဦးလည်း ဖမ်းဆီးခံရ
ဇန်နဝါရီ 23, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျကာ ဒေသခံ(၃)ဦး ဒဏ်ရာရပြီး နေအိမ်ပစ္စည်းပြန်ယူသည့် ဒေသခံတစ်ဦးလည်း ဖမ်းဆီးခံရကြောင်း KNUဗဟိုက ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)က ကျေးရွာများအတွင်းသို့ (၁၂၀)မမ လက်နက်ကြီးနှင့်ပစ်ခတ်ရာ လိန်ပင်ဝဲကျေးရွာသို့ (၃)လုံးကျပြီး ဖိုးအင်ကုန်းမှ ဒေသခံ(၂)ဦး ကျည်စထိမှန် ဒဏ်ရာရကာ နေအိမ်(၃)လုံး ပျက်စီးကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူ(၂)ဦးမှာ မောင်ကျော်ဝင်းလွင်(၄၁)နှစ်နှင့် မောင်လုံးပု(၁၅)နှစ်တို့ဖြစ်သည်ဟု သိရသည်။

ထို့အပြင် နတ်သံကွင်းမြို့မှ တီးမောင်ယေားလာ(၆၀)နှစ်သည် နေအိမ်သို့ ပစ္စည်းများပြန်ယူစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ယခုအချိန်ထိ ပြန်မလွတ်သေးဟု သိရသည်။

ညပိုင်းတွင်လည်း ဝါချဲကျေးရွာသို့ ၁၂၀မမ လက်နက်ကြီး (၃)လုံး ထပ်မံပစ်ခတ်ခဲ့ရာ စောဖိုးလောရေ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး စောဖိုးလောရေ၏ နေအိမ်ပျက်စီးသည့်အပြင် စောဖိုးလောရေ(၄၂)နှစ်လည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Karen National Union