ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့တွင် ရေကြီးရေလျှံမှု ပထမဆုံး ဖြစ်ပေါ်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့တွင် ရေကြီးရေလျှံမှု ပထမဆုံး ဖြစ်ပေါ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် နေအိမ်အများအပြားထဲအထိ ရေများဝင်ရောက်သည့် ရေကြီးရေလျှံမှု ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း ရွှေဖီမြေသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

 

မန်တုံမြို့တွင် ယခင်က ရေကြီးရေလျှံမှုများ ဖြစ်ခဲ့ဖူးသော်လည်း ယနေ့ ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့၏ နံနက်(၁၁)နာရီအချိန်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ တောင်ကျရေများ ဖြစ်ပေါ်သည့် ရေကြီးရေလျှံမှုမှာ မန်တုံမြို့အနေဖြင့် ပထမဆုံးဖြစ်ကြောင်း သိရသည်။

အရင်က ဖြစ်တယ် အဲ့လောက်ထိ ရေမကြီးဖူးတာ။ အိမ်ထဲ ဝင်ရင်တောင် အများဆုံး ဒူးလောက်ပဲ။ တစ်ခါမှ ဒီလောက် ရေမကြီးဖူးဘူး၊ ဒါပထမဆုံးအကြိမ်ပဲ၊ ခုက အိမ်တစ်ဝက်ကျော်အထိ ရေတက်တယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

ရေကြီးရေလျှံမှုကြောင့် လတ်တလောတွင် လူနှင့်သက်ရှိများ ထိခိုက်မှု ရှိမရှိကို မသိရသေးသော်လည်း မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံများကို အချင်းချင်း ကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။