အမေရိကန်က အာဏာသိမ်း မြန်မာစစ်အုပ်စုအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ကြေညာသွားမည်

အမေရိကန်က အာဏာသိမ်း မြန်မာစစ်အုပ်စုအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ကြေညာသွားမည်

လာမည့် ရက်များအတွင်း အမေရိကန်က အာဏာသိမ်း မြန်မာစစ်အုပ်စုနှင့် ဆက်နွယ်သည့် မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ကြေညာသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက မတ်လ (၂၂) ရက်နေ့တွင် ပြောသည်။ 

ဒဏ်ခတ်ပိတ်ဆို့မှုများက မြန်မာစစ်အုပ်စုအတွက် လက်နက်ဝယ်ယူရေး ဝင်ငွေရှာဖွေရန် ပိုမိုခက်ခဲစေလိမ့်မည်ဟု အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဥ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က မှတ်ချက်ပြုခဲ့သည်။

"စစ်အုပ်စုအပေါ် ဖိအားပေးမှု တိုးမြှင့်သွားဖို့ ကျွန်တော်တို့ ကတိပြုထားပြီး ဒါက သူတို့အတွက် ဝင်ငွေရလမ်း ပိုမိုခက်ခဲစေပါတယ်။ စစ်အုပ်စုက ဒီဝင်ငွေကို သူ့ရဲ့ စစ်ပွဲယန္တရားအတွက် အသုံးပြုနေတယ်" ဟု Derek Chollet က ပြောသည်။

 မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှတွင် ကျရှုံးနိုင်ငံဖြစ်ရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်လာခဲ့ပြီး ဘက်ပေါင်းစုံ ချွတ်ခြုံကျပြီး အကျပ်အတည်းဆိုက်နေခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် အမေရိကန်နှင့် အခြား အနောက်အုပ်စုနိုင်ငံများက စစ်အုပ်စုအဖွဲ့ဝင်များ၊ စစ်အုပ်စုလက်အောက်ခံ အစိုးရဌာနများနှင့် စစ်တပ်ပိုင်ကုမ္ပဏီများကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။

ယခုအချိန်အထိ အမေရိကန်က စစ်အုပ်စုနှင့် ဆက်နွယ်သည့် မြန်မာနိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ် (၈၀) ဦးနှင့် အဖွဲ့အစည်း (၃၀) ကျော်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က ပြောသည်။ 

မြန်မာပဋိပက္ခ ဖြေရှင်းရေးတွင် ရုရှားက မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်း ရပ်တန့်ရမည်ဟုလည်း ၎င်းကဆိုသည်။

အာဆီယံအနေဖြင့်လည်း မြန်မာစစ်အုပ်စုကို အစည်းအဝေးအားလုံးသို့ တက်ရောက်ခွင့်မပြုဘဲ ဖယ်ကျဥ်ထားရန် Derek Chollet က တောင်းဆိုခဲ့သည်။

 "ကိုယ့်ပြည်သူကို ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လုပ်နေသမျှ အဲဒီအတွက် အကျိုးဆက်တွေကို သူတို့ ခံစားရလိမ့်မယ်ဆိုတာ စစ်အုပ်စု အပြည့်အဝ နားလည်ဖို့ လိုပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က ပြောခဲ့သည်။

Source: Reuters