ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဘုန်ကြီးကျောင်းများ၊ နေအိမ်များ ပျက်စီးပြီး သီလရှင်နှစ်ပါး အပါအဝင် ၃ ဦးဒဏ်ရာရ

ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဘုန်ကြီးကျောင်းများ၊ နေအိမ်များ ပျက်စီးပြီး သီလရှင်နှစ်ပါး အပါအဝင် ၃ ဦးဒဏ်ရာရ
ဇန်နဝါရီ 9, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဘုန်ကြီးကျောင်းများ၊ နေအိမ်များ ပျက်စီးပြီး သီလရှင်(၂)ပါး အပါအဝင် (၃)ဦး ဒဏ်ရာရကြောင်း KNUဗဟိုထံမှ သိရသည်။

ဇန်နဝါရီလ (၅)ရက်နေ့က စစ်ကောင်စီတပ် စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၀)တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကျုံဒိုးမြို့နယ်၊ မြောက်ကြာအင်းအုပ်စု ဝိတ်ဇာကုန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများ ထိမှန်ပျက်စီးကာ အရပ်သားတစ်ဦးလည်း  ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝိတ်ဇာကုန်းကျေးရွာ ဘုန်းကြီးကျောင်း၏ စောင်းတန်းနှင့် သိမ်တော်ထိမှန်ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းမှ အသက် (၇၂)နှစ်ရှိ ဂေါပက ဦးမောင်ကြီးမှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအနီးမှ အသက် (၃၉)နှစ်ရှိ စောကျော်ဟဲထို့၏ နေအိမ်သည်လည်း ပျက်စီးခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၇)ရက်နေ့တွင် စစ်ကောင်စီတပ် ခမရ(၅၄၅) တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ရာ ကျုံဒိုးမြို့နယ်၊  ကော့ဝါလဲကျေးရွာရှိ အေးချမ်းသာယာတောရကျောင်းသို့ ကျရောက်ပေါက်ကွဲပြီး နှစ်ထပ်ကျောင်းဆောင် ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါ လက်နက်ကြီးကြာင့် သီလရှင်(၂)ပါးဖြစ်သည့် အသက် (၁၃)နှစ်ရှိ မဥမ္မာစာရီနှင့် အသက် (၁၆)နှစ်ရှိ မအိန္ဒရံသီတို့ ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ပို့ဆောင်ကာ ကုသမှုခံယူနေရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: KNU