ရခိုင်ဒေသကို စစ်ကောင်စီတပ်က ရေကြောင်းမှ အင်အားဖြည့်တင်းနေသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာဖွယ်ရှိ

ရခိုင်ဒေသကို စစ်ကောင်စီတပ်က ရေကြောင်းမှ အင်အားဖြည့်တင်းနေသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာဖွယ်ရှိ
ဇန်နဝါရီ 22, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်သည် ရေလမ်းမှ စစ်သင်္ဘောကြီးများဖြင့် လက်နက်ခဲယမ်း၊ လူအင်အားများကို ဖြည့်တင်းနေသောကြောင့် တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း ညီနောင်(၃)ဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။  

ရက္ခိုင့်တပ်တော်နှင့် မဟာမိတ်တပ်များက သိမ်းပိုက်ထားပြီဖြစ်သည့် ပလက်ဝဒေသတိုက်ပွဲများအတွင်း အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သား (၄၀၀)ကျော်မှ အများစုသည်လည်း ရခိုင်ဒေသစစ်မျက်နှာ၌ တိုက်ပွဲဝင် နေကြပြီဖြစ်သည်ဟုလည်း ဆိုသည်။

ရှမ်းမြောက်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့သည် ရခိုင်ဒေသအပါအဝင် နေရာအချို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကြီးသည် ရှမ်းမြောက်မှ အခြားနေရာသို့ ရွေ့လျားသည့်ပုံစံမျိုးဖြစ်ခဲ့ပြီး ရက္ခိုင့်တပ်တော်အနေဖြင့်လည်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများကြားမှ စခန်းသိမ်းတိုက်ပွဲများအပြင် ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များကိုပါ ဗျူဟာမြောက်စွာ ဆင်နွှဲနေရာ ရခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ပြင်းထန်လာနေသည်ဟု ဆိုသည်။

ယမန်‌နေ့တွင်လည်း ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များ၌ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်ခဲ့သည်ဟု သိရသည်။

မင်းပြားမြို့အား စစ်ကောင်စီ၏ Y-12 လေယာဉ်သည် လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်၊ ရွှေပြည်စိုးရပ်ကွက်ရှိ လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ညနေဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့ နယ်၊ မောင်တောမြို့မှ စျေးဝယ်၍ ပြန်လာကြသည့် ခရေမြိုင်ကျေးရွာနှင့် အင်းဖောက်ကျေးရွာတို့မှ ဒေသခံအမျိုးသား (၃)ဦးတို့အား မတရား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုလည်း သိရသည်။

#TachileikNewsAgency