အာဏာသိမ်းစစ်ကောင်စီ၏ ငဖဲအခြေစိုက် ယမ်းချက်စက်ရုံ ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရ

Photo: PRA_Magway
Photo: PRA_Magway
အာဏာသိမ်းစစ်ကောင်စီ၏ ငဖဲအခြေစိုက် ယမ်းချက်စက်ရုံ ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရ
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီတပ်၏ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံဝန်းရှိ ယမ်းချက်စက်ရုံကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်၊ နံနက်အစောပိုင်းက ရှော့တိုက်ဒုံး၊ RPG တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People's Revolution Alliance (PRA-Magway)၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါယမ်းချက်စက်ရုံကို People's Revolution Alliance (PRA- Magway)၏ ဟောလုံစစ်ကြောင်းနှင့် မောလုံစစ်ကြောင်းတို့က ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံး၊ RPG (၁) လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အဦးထိခိုက်ပျက်စီးမှုနှင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့်ပတ်သက်၍ Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

People's Revolution Alliance (PRA- Magway)တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း စစ်ကောင်စီ၏ အမှတ် ၉၀၅ အမြောက်တပ်မှ တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ‌ကားတစ်စီးကို ငဖဲမြို့ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာကြားတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းပြီးဖွဲ့စည်းထားသည့် စစ်ကောင်စီသည် နိုင်ငံတဝန်းမှ ငြိမ်းချမ်းစွာဆန္ဒပြမှုများအား လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်းမှုများလုပ်ဆောင်မှုကြောင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြင့် ခုခံတွန်းလှန်တိုက်ခိုက်မှုများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါ်ပေါက်လာနေခြင်းဖြစ်သည်။