ကန့်ဘလူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံထောင်ချီ ထွက်ပြေးနေရ

ဓါတ်ပုံ _ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ 2.0
ဓါတ်ပုံ _ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ 2.0
ကန့်ဘလူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံထောင်ချီ ထွက်ပြေးနေရ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများပစ်၍ စစ်ကြောင်းထိုးဝင်လာပြီး နေအိမ်များမီးရှို့နေသဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့ နံနက်ပိုင်းအထိ ဒေသခံထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းရှိ ချပ်ကုန်းရွာတွင်ရောက်နေသည့် အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၃၆၃ တပ်က ယနေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့ နံနက် (၈)နာရီဝန်းကျင်တွင် ဇော်ချောင်းရွာကို လက်နက်ကြီးများပစ်၍ဝင်လာသဖြင့် ဇော်ချောင်းရွာအပြင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ဇော်ချောင်းရွာအတွင်း ခမရ ၃၆၃ တပ်က အင်အား ၆၀ ဝန်းကျင်ဖြင့် ဝင်လာပြီးနောက် ကျေးရွာတွင်းမှ နေအိမ်များ မီးရှို့ခံရသည်ကိုတွေ့နေရပြီး ဇော်ချောင်းရွာအပြင် အနီးဝန်းကျင်ရှိ အလယ်ခုံရွာ၊ သင်တောရွာနှင့် လွင်ကြီးရွာတို့တွင် နေထိုင်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ခန့်မှန်းသည့်စာရင်းအရ ကျေးရွာ (၄)ရွာမှ ယနေ့နံနက် ထွက်ပြေးတိမ်းရှောင်ရသူဦးရေမှာ (၇၅၀)ဝန်းကျင် ရှိမည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ပြီးခဲ့သည့်လက ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ၎င်းတို့ရောက်ရာနေရာများတွင် နေအိမ်များ မီးရှို့ခံရပြီး ကျေးရွာအချို့တွင် ဖမ်းဆီးခံရသည့်ဒေသခံများလည်းရှိကြောင်း သိရသည်။