ယူရေနီယံကိစ္စဆက်သွယ်လာခြင်းရှိသော်လည်း ယူရေနီယံအကြောင်းမသိဟု RCSS ဥက္ကဌ ယွက်စစ်ပြောဆို

ယူရေနီယံကိစ္စဆက်သွယ်လာခြင်းရှိသော်လည်း ယူရေနီယံအကြောင်းမသိဟု RCSS ဥက္ကဌ ယွက်စစ်ပြောဆို
ဖေဖော်ဝါရီ 25, 2024 | 2021 Military Coup| အခြားဒေသများ

ယူရေနီယံကိစ္စဆက်သွယ်လာခြင်းရှိသော်လည်း ယူရေနီယံအကြောင်းမသိဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောကြောင်း Tai Freedom က ဖော်ပြသည်။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ရှမ်းပြည်အတွင်း၌ ယူရေနီယံဓာတ်သတ္တုထွက်သည်ဟုသတင်းရသဖြင့် အဆိုပါဓာတ်သတ္တုများ ဝယ်ယူလိုကြောင်း နိုင်ငံခြားသားတစ်ဦးက ပြောဆိုလာခဲ့ဖူးသည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ဝန်ခံသည်။

သို့ရာတွင် ၎င်းအနေဖြင့် မည်သည့်နေရာဒေသတွင် အဆိုပါယူရေနီယံများထွက်သည်ကို တကြိမ်တခါမျှ မကြားသိရဖူးကြောင်း၊ ယူရေနီယံအကြာင်းကိုပင် စိုးစဥ်းမျှ သိနားလည်ခြင်းမရှိသဖြင့် လေ့လာကြည့်ပါဦးမည်ဟူ၍သာ ပြန်ကြားခဲ့ဖူးကြောင်း၊ မည်သည့်အရောင်း အဝယ်ကိစ္စကို မည်သူနှင့်မျှ တုန့်ပြန်ဆွေးနွေးမှု မပြုခဲ့ဖူးကြောင်း ပြန်လည်ငြင်းဆိုသည်။ 

ထို့အပြင် စွပ်စွဲချက်များမှာ ရှေးယခင်ကနည်းတူ ၎င်းအားမူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် မည်သို့ပတ်သက်သည်ဟု တဖက်သတ် စွပ်စွဲခဲ့ဖူးသော အရင်းအမြစ်မရှိသည့် ဂုဏ်သိက္ခာကျဆင်း‌စေရန် လုပ်ဆောင်သော လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း ပြောသည်။

ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်မှတစ်ဆင့် အီရန်နိုင်ငံသို့ မြန်မာပြည်ထွက် နျူကလီးယားဓာတ်သတ္တုကုန်ကြမ်းများ ရောင်းချရန် ကြိုးစားခဲ့သူမှာ RCSS ဥက္ကဋ္ဌ ဖြစ်ကြောင်း အမေရိကန်တရားရေးဌာန၏ စွဲချက်ဆိုင်ရာ ထုတ်ပြန်ချက်က ဖော်ပြထားသည်။ 

RCSS ဥက္ကဌသည် မြန်မာနိုင်ငံမှ နျူကလီးယားဓာတ်သတ္တုကုန်ကြမ်းများကို အီရန်နိုင်ငံသို့ ရောင်းချရန် ကြိုးစားမှုဖြင့် ဂျပန်ရာကူဇာခေါင်းဆောင်ကို အမေရိကန်နိုင်ငံက အမှုထပ်တိုးတရားစွဲလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနများက သတင်းဖော်ပြကြသည်။ 

၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုအပြင် လက်နက်မှောင်ခိုမှုများဖြင့်ဖမ်းဆီးခံထားရသော ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် Takeshi Ebisawaကို အီရန်ဗိုလ်ချုပ်ကြီးဟု ယူဆရသူတစ်ဦးထံသို့ မြန်မာနိုင်ငံမှ နျူကလီးယားလက်နက်အဆင့် ထုတ်လုပ်နိုင်သော ကုန်ကြမ်းဓာတ်သတ္တုပစ္စည်းများ ရောင်းချရန် ကြိုးပမ်းမှုဖြင့် အမေရိကန်က စွဲချက်အသစ်တင်ထားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က ယူရေနီယံအပါအဝင် နျူကလီးယားဓာတ်သတ္တုကုန်ကြမ်းများကို အဆိုပါရာကူဇာ ခေါင်းဆောင်ထံမှတဆင့် အီရန်နိုင်ငံသို့ ရောင်းချလိုပြီး ရရှိသောငွေကြေးဖြင့် လက်နက်ခဲယမ်းအများအပြား ဝယ်ယူလိုသည်ဟု သတင်းများက ဖော်ပြထားကြသည်။

#TachileikNewsAgency