စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သား(၁)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သား(၁)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ အခြေစိုက် ခမရ (၅၄၅) တပ်ရင်းမှ ကျုံဒိုးမြို့နယ်အတွင်းရှိ ကျေးရွာများကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် မေလ (၃၀)ရက်နေ့က (၁၂၀)မမ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့သဖြင့် အရပ်သား (၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ဒူးပလာခရိုင် သတင်းနှင့်ပြန်ကြားရေးက ယနေ့ ဇွန်လ(၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်သည့် ကျေးရွာများကို (၁၂၀)မမ လက်နက် ကြီး(၅)လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကျုံဒိုးမြို့နယ်အတွင်းရှိ သရက်တောကျေးရွာ၊ ကျောက်ဖျာကျေးရွာ၊ ညောင်ရိပ်သာ ကျေးရွာများကို ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် သရက်တောရွာမှ ဒေသခံ(၁)ဦးသေဆုံးနှင့် (၁)ဦးဒဏ်ရာရရှိခဲ့ပြီး ကျောက်ဖျာကျေးရွာမှ ဒေသခံ(၁)ဦးဒဏ်ရာရကြောင်း သိရသည်။

ယနေ့ဇွန်လ(၂)ရက်နေ့ မနက်ပိုင်းတွင်လည်း ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ပစ်ကူအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် သံဃာတော်(၁)ပါးအပါအဝင် အရပ် သား(၂)ဦး ထိမှန်သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း‌ သိရသည်။

စစ်ကောင်စီတပ်များသည် မြန်မာပြည်အတွင်း နေ့စဥ်လက်နက်ကြီးနှင့်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ အသက်ဆုံးရှုံးခြင်း ၊ ဒဏ်ရာရခြင်းနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်နေသည်။

#TachileikNewsAgency

Photo : ဒူးပလာယာခရိုင်-သတင်းနှင့် ပြန်ကြားရေး