ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရ

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရ
ဇန်နဝါရီ 21, 2024 | 2021 Military Coup| ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေပြီး စံဖူးကျေးရွာတွင် နေအိမ်များ မီးရှို့ခံနေရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲမှာ PNO ပြည်သူ့စစ်၊ စစ်ကောင်စီတပ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့အကြား ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ဒေသအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ခမ်းသားငေါဝ်းက PNLO ကို ကိုးကား၍ သတင်းဖေါ်ပြထားသည်။

အဆိုပါ ဒေသတွင် နံနက် (၁၁)နာရီဝန်းကျင်ကတည်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

"တိုက်ပွဲက ပြင်းထန်နေတယ်။ နေအိမ်တွေ ကားတွေ မီးရှို့ဖျက်ဆီးခံရတယ်။ PNO ပြည်သူ့စစ် နဲ့  စစ်ကောင်စီတပ်ပေါင်းပြီး ပစ်ခတ်နေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တာ ဒေသခံတွေက ကြိုတင်ပြင်ဆင် ပြေးချိန်မရဘဲ ပိတ်မိနေကြတာတွေလည်းများတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

PNO ပြည်သူ့စစ် အပါအဝင် ပြည်သူ့စစ်အဖွဲ့များမှာ ဒေသအလိုက် အရပ်သားများအား စစ်ကောင်စီတပ် လက်အောက်ခံများအဖြစ် လက်နက်တပ်ဆင် ဖွဲ့စည်းထားသည့် အဖွဲ့များဖြစ်ကြသည်။