ရှမ်းပြည်နယ်အတွင်း စည်ပင်ဌာန၏ အတွင်းသတင်းများ သတင်းဌာနများသို့ မပေါက်ကြားရေး ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဝန်ထမ်းများအားလုံးကို လက်မှတ် ထိုးခိုင်း

ရှမ်းပြည်နယ်အတွင်း စည်ပင်ဌာန၏ အတွင်းသတင်းများ သတင်းဌာနများသို့ မပေါက်ကြားရေး ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဝန်ထမ်းများအားလုံးကို လက်မှတ် ထိုးခိုင်း
အောက်တိုဘာ 5, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးဌာန ဝန်ထမ်းများအားလုံး ဌာန၏ အတွင်းသတင်းများကို သတင်းဌာနများသို့ မပေါက်ကြားရေးအတွက် ခံဝန်ကတိလက်မှတ်များ ရေးထိုးခိုင်းကြောင်း သိရသည်။

ပြီးခဲ့တဲ့ အပတ်က ရုံးစာတွေ ပေါက်ကြားမှုမရှိစေရေး  ဝန်ထမ်းတွေအားလုံးကို သတိပေးတာနဲ့ပတ်သက်ပြီး သိရှိကြောင်းဆိုပြီးတော့ လက်မှတ်ထိုးခိုင်းတာ၊ အဓိက က ဦးစိုင်းထွန်းထွန်းက ထိုးခိုင်းဖို့ ညွှန်ကြားတာပေါ့။ အကုန်လုံး လက်မှတ်ထိုးရပါတယ်။ ရှမ်း(ရှေ့)နဲ့ ရှမ်း(မြောက်)ကိုလည်း ညွှန်ကြားထားတယ်

ဟု ရှမ်းပြည်နယ်စည်ပင်မှ  အမည်မဖော်လိုသည့် Tachileik News Agency ၏ သတင်းရင်းမြစ် တစ်ဦးက အောက်တိုဘာလ(၅)ရက်နေ့တွင် ပြောသည်။

၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန စီမံခန့်ခွဲရေးအစည်းအဝေး အမှတ်စဉ် (၂၆/၂၀၂၁)တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ရုံးစာများပေါက်ကြားခဲ့သည့်အတွက် အရေးယူဆောင်မှုများပြုလုပ်ခဲ့ပြီးကြောင်း ဝန်ထမ်းများအနေဖြင့် အတွင်းသတင်းများ ဆက်လက် မပေါက်ကြားရေးအတွက် အလေးထား လိုက်နာဆောင်ရွက်သွားရမည်ဟု အစည်းအဝေးတွင် ထည့်သွင်းဆုံးဖြတ်ခဲ့ပြီးနောက် သိရှိကြောင်း လက်မှတ်ထိုးခိုင်းခြင်း ဖြစ်သည်။

လက်မှတ်ထိုးဆိုတော့လည်း ထိုးပေးလိုက်ပါတယ်။ လက်မှတ်ထိုးထိုး မထိုးထိုး ရင်ထဲမှာ တစ်ခုပဲရှိပါတယ်။ မတရားတာကိုတော့ ဒီတိုင်း လက်ပိုက်မကြည့်နေဘူး ဆက်လက် ဖော်ထုတ်သွားဖို့ အားလုံးရဲ့စိတ်မှာ ဆန္ဒရှိနေပြီးသားပါ။ အကြောင်းမသာလို့သာ ငြိမ်နေရတာ

ဟု အမည်မဖော်လိုသည့် စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက CDM စည်ပင်ဝန်ထမ်းများအပေါ် ညွှန်ကြားချက်အမျိုးမျိုး၊ ဖိအားအမျိုးမျိုးစသည့် စာများထုတ်ပြန်လာသည့်အခါ သတင်းဌာနများတွင် ပေါက်ကြားခဲ့သည်များရှိသည့်အတွက် ယခုလို ညွှန်ကြားခြင်းဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် စည်ပင်လုပ်ငန်းများတွင် စိတ်အားသက်သန်စွာ ဆောင်ရွက်နေသူ ပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)၏ ဌာနခွဲတာဝန်ခံဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုအား  ပုဒ်မ ၅၀၅-က ဖြင့် အရေးယူရန် စစစ ကို တိုင်ကြားပြီး ၂၀၂၁ခုနှစ် မတ်လ(၁၁)ရက်နေ့ ည(၉)နာရီကျော်အချိန်က ဖမ်းဆီးခိုင်းသူဟုလည်း စည်ပင်ဝန်ထမ်းများအကြားတွင် အပြောခံနေရသူဖြစ်သည်။ 



#TachileikNewsAgency