နမ္မတူမြို့နယ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်ဦးသေ ၄ ဦး ဒဏ်ရာရ 

နမ္မတူမြို့နယ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်ဦးသေ ၄ ဦး ဒဏ်ရာရ 
ဒီဇင်ဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNECကျောင်းဆရာမတစ်ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAထံမှ သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံး(၃)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် မန်လီကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းအနီး ရပ်နေသည့် အသက် (၂၀)အရွယ် TNEC ကျောင်းဆရာမ လွေးမေဖြိုးအိ ထိမှန်သေဆုံးသွားသည်ဟု သိရသည်။

ထို့အပြင် ဘုန်းကြီးကျောင်းဆောင် တခုလုံးပျက်စီးသွားခဲ့ပြီး နမ္မတူမြို့ တံတားအနီးသို့ ဂျက်လေယာဉ်ဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းကြောင့် တံတားအနီးရှိ ဒေသခံ(၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

ယမန်နေ့ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် TNLAက နမ္မတူမြို့အား သိမ်းပိုက်ရရှိခဲ့ပြီးနောက် ယနေ့တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယင်းနေ့ညနေပိုင်းတွင် သီပေါမြို့နယ်၊ နမ့်ဟူးနွဲ့ကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နမ့်ဟူးနွဲ့ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်နှင့် ဇရပ်ပျက်စီးသွားခဲ့သည်။

ဒီဇင်ဘာလ(၂၅)ရက်နေ့မှ ယနေ့ ဒီဇင်ဘာလ(၂၉)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမ္မတူမြို့နယ် ဒေသခံ(၃)ဦး သေဆုံးခဲ့ပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိကာ ဗလီကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ်(၁၀)လုံး ထိခိုက်မီးလောင်ပျက်စီးခဲ့သည်။

#TachileikNewsAgency

Photo: PSLF/TNLA News