KNU တပ်မဟာ ၅ နယ်မြေရှိ နှစ်ပေါင်း ၃၀ ဝန်းကျင်ကြာ အခြေချထားသည့် စစ်ကောင်စီ၏ ထီးထာတပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

KNU တပ်မဟာ ၅ နယ်မြေရှိ နှစ်ပေါင်း ၃၀ ဝန်းကျင်ကြာ အခြေချထားသည့် စစ်ကောင်စီ၏ ထီးထာတပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်ပြည်နယ် KNU တပ်မဟာ (၅)နယ်မြေရှိ စစ်ကောင်စီတပ်၏ နှစ်ပေါင်း(၃၀)‌ဝန်းကျင်ကြာ အထိုင်ချထားသည့် ထီးထ/ဖဲထာ(မို့လို့ကျိုး)တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

ထီးထ/ဖဲထာ (မို့လို့ကျိုး) စခန်းသည် စခန်းကြီးဖြစ်ပြီး ၎င်းစခန်းကို KNLAနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထီးထစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား(၁၂၀)ဝန်းကျင်ရှိပြီး ကွန်ကရစ်ကတုတ်ကျင်းကြီး၊ ငယ်(၃၀)ခန့်ဖြင့် အခိုင်အမာတပ်စွဲခြေကုပ်ရယူထားသော စခန်းဖြစ်သောကြောင့် (၂)ရက်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်လက်နက်ပစ္စည်းများ ချပေးခြင်း၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု  FFD(Force for Federal Democracy)က ဆိုသည်။

တော်လှန်ရေးတပ်များဘက်ကလည်း Missileများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone အမြောက်အမြားဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ် စခန်းအနီးတွင် ယာယီစခန်းတစ်ခုထားကာ ရက်ပေါင်း(၂၀)နီးပါး နေ့စဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ပွိုင့် ၉၃၉ မဆုတ်တမ်း ခံစစ်စခန်းဟုခေါ်သော ဖဲထာစခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်အ ကျအဆုံးရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency