တာချီလိတ်ရှိ ကျားဖြန့်လုပ်ငန်းတွင် တရုတ်နိုင်ငံသားအချို့ ရောင်းစားခံထားရကြောင်း နှင့် သတ်ခံရသည်များပါ ရှိနေ၍ အကူအညီတောင်းခံမှုများ ရှိနေ

တာချီလိတ်ရှိ ကျားဖြန့်လုပ်ငန်းတွင် တရုတ်နိုင်ငံသားအချို့ ရောင်းစားခံထားရကြောင်း နှင့် သတ်ခံရသည်များပါ ရှိနေ၍ အကူအညီတောင်းခံမှုများ ရှိနေ

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၊ မြန်မာ - ထိုင်းနယ်စပ်တာချီလိတ်မြို့ရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် တရုတ်နိုင်ငံသားအချို့ ရောင်းစားခံထားရပြီး ညှင်းပန်းနှိပ်စက်ခံရမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“တာချီလိတ်မြို့မှာ ရောင်းစားခံထားရပါတယ်။ ဒီမှာ နေ့တိုင်း အရိုက်ခံရတယ်။ သေတဲ့သူတွေတောင် ရှိတယ်။ တရုတ်ပြည်ကို ပြန်ချင်ပါတယ်။ အမြန်ကူညီပေးကြပါဦး”ဟု ကျားဖြန့်လုပ်ငန်းသို့ ရောင်းစားခံထားရသူတစ်ဦးက ဆက်သွယ်အကူအညီတောင်းခံလာကြောင်း သတင်းရင်းမြစ်တစ်ဦးက   Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့တွင် ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားများ ရောင်းစားခံထားရသည်ဆိုသည့် ကျားဖြန့်လုပ်ငန်းရှိရာ အဆောက်အဦမှာ တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်း မယ်ဟုတ်ချောင်းဘေး နှင့် မယ်ဟုတ်တံတားအနီးရှိ  ( မြေပုံအညွှန်း - 20°31'06.1"N 99°56'12.0"E )တွင်ရှိနေသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် လက်ရှိ၌ ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်နေသည့် နေရာများမှာ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ စံလင်းဖြိုးအိမ်ရာကွင်း အပါအဝင် နေရာပေါင်း အနည်းဆုံး (၁၂)နေရာအထက်တို့တွင် တရုတ်နိုင်ငံသားအများအပြားရှိနေပြီး  ရောင်းစားခံထားရကာ ညင်းပမ်းနှိပ်စက်ခံနေရသည့် တရုတ်နိုင်ငံသားများနှင့်ထိုင်းနိုင်ငံသားအပါအဝင် အများအပြားကို သိုဝှက်ထားရှိပြီး လုပ်ငန်း လုပ်ဆောင်နေလျှက်ရှိသည်ကို တာချီလိတ်ဒေသတွင်းမှ စစ်ဘက်နှင့်အရပ်ဘက်ဌာနအကြီးအကဲများက သိရှိထားသော်လည်း မသိသလိုနေကြသည်ဟု ဒေသခံများက ဆိုသည်။

နယ်စပ်ဒေသ တာချီလိတ်တွင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်သည့် လုပ်ငန်းများမှာ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကတည်းက အဖမ်းအဆီးမရှိ များပြားလာရာမှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းခံရချိန်တွင် တာချီလိတ်သို့ ပြောင်းရွှေ့လာကြပြီး  တရုတ်နိုင်ငံသားဝင်ရောက်မှု ယခင်ထက် များပြားလာသည်ဟု ဒေသခံများက ဆိုသည်။

“ဒီမှာ တရုတ်တွေ အများကြီးလုပ်နေတဲ့ အွန်လိုင်းရုံတွေဆို လဝက၊ ရဲ၊ စစ်တပ်တွေက မဖမ်းဘဲထားတာ။ အခုနောက်ပိုင်းဆို လားရှိုး၊ လောက်ကိုင်ဘက်က ထွက်ပြေးလာတဲ့ တရုတ်တွေကို အဆောက်အဦးအပြတ် ငှားပြီးထားကြတယ်။ အဲ့လို လုပ်လို့ရအောင်လည်း စစ်တပ်နဲ့နီးစပ်လွန်းတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေ သူဌေးတွေက ကြားပွဲစားလို လုပ်ပြီး ပါဝင်နေတာ။ နောက်ပြီး တရုတ်စကားပြန်ကို လစာကောင်းကောင်းနဲ့ငှားပြီး ထားထားတယ်” ဟု လုံခြုံရေးအရ အမည်မဖေါ်လိုသူတစ်ဦးက ပြောပြသည်။

တာချီလိတ်မြို့တွင် လစာကောင်းအလုပ်ရမည်ဟုဆိုကာ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်သည့်လုပ်ငန်းများသို့  ရောင်းစားခံရသည့်ဖြစ်စဉ်များ မကြာခဏသတင်းထွက်ပေါ်လာသော်လည်း အဆိုပါလုပ်ငန်းများအား ဖမ်းဆီးအရေးယူမှုများ မတွေ့ရဘဲ ထုတ်ဖေါ်ပြောကြားသူများအား ခြိမ်းခြောက်မှုများသာရှိခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဒေသ တာချီလိတ်တွင် အာဏာမသိမ်းမီကာလက အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ကျားဖြန့်လုပ်ငန်းများကို တရုတ်နိုင်ငံသားများက ခြံဝန်းကျယ်ကြီးများ၊ အဆောက်အဦကြီးများ အပြတ်ငှားရမ်းကာ သီးခြားလုပ်ကိုင်မှုများရှိခဲ့ပြီး ဖမ်းဆီးခံရမှုအချို့လည်း ရှိခဲ့ရာမှ အာဏာသိမ်းပြီးချိန်မှစ၍ လူနေရပ်ကွက်များရှိ အိမ်ခန်းငှားများထိပါ အဆိုပါလုပ်ငန်းများ လုပ်ကိုင်လာကြပြီး ဖမ်းဆီးမှုလည်းမရှိတော့ခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံသားများစွာအနက် အယောက် (၁၀၀)ကျော်ကိုသာ အဖမ်းပြကာ တရုတ်နိုင်ငံသို့ လွဲပေးခဲ့သလို အဆိုပါ လမှာပင် တာချီလိတ်မြို့တွင်း စစ်တပ်နှင့်ရဲတို့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် ကျားဖြန့်နှင့်အွန်လိုင်းလောင်းကစားများကို ခေတ္တပိတ်ထားရန်လည်း ညွှန်ကြားသည်များလည်း ရှိခဲ့သေးသည်။