အထူးဒေသ(၄) မိုင်းလားမှ Quarantine (၂၁)ရက် ပြည့်သွားသည့် နေရပ်ပြန် (၅၀၀)ကျော်ကို ကျိုင်းတုံမှ တဆင့် လက်ခံပေးကာ နေရပ်အသီးသီး ပြန်ပို့

အထူးဒေသ(၄) မိုင်းလားမှ Quarantine (၂၁)ရက် ပြည့်သွားသည့် နေရပ်ပြန် (၅၀၀)ကျော်ကို ကျိုင်းတုံမှ တဆင့် လက်ခံပေးကာ နေရပ်အသီးသီး ပြန်ပို့
မေ 1, 2020
By Tachileik News Agency
အထူးဒေသ(၄) မိုင်းလားမှ Quarantine (၂၁)ရက် ပြည့်သွားသည့် နေရပ်ပြန် (၅၀၀)ကျော်ကို ကျိုင်းတုံမှ တဆင့် လက်ခံပေးကာ နေရပ်အသီးသီး ပြန်ပို့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) မိုင်းလားဘက်တွင် Quarantine (၂၁)ရက် ပြည့်သွားသည့် တရုတ်နိုင်ငံမှ နေရပ်ပြန် (၅၆၆)ဦးကို ကျိုင်းတုံမြို့မှတစ်ဆင့် သက်ဆိုင်ရာနေရပ်ဒေသအသီးသီးသို့ ၂၀၂၀ ခုနှစ်၊ မေလ (၁)ရက်နေ့၌ ပြန်ပို့ပေးလိုက်ပြီဖြစ်သည်။

ကျွန်တော်တို့ သိတာတော့ အထူးဒေသ(၄)ရဲ့တင်ပြချက်အရတော့ တရုတ်နိုင်ငံ ဆစ်ဆောင်ပန်းနားဘက်မှာ အလုပ် လုပ်တဲ့အဖွဲ့လို့ သိရပါတယ်။ သူတို့က NRPC ဘက်ကို တင်ပြထားသလို ပြည်နယ်အစိုးရအဖွဲ့ ကျိုင်းတုံကို လာတဲ့အချိန်ကလည်း တင်ပြထားပါတယ်။ သူတို့ဘက်မှာ အဲဒီလို Quarantine ဝင်နေတာက စုစုပေါင်း (၃,၆၀၇)ဦးလို့ ပြည်နယ်ဝန်ကြီးချုပ်ကို သူတို့တင်ပြထားပါတယ်။ (၂၈)ရက်နေ့က (၂၇၇)ဦးက ပထမဆုံးအသုတ်ပါ။ ဒီကနေ့က ဒုတိယအသုတ်ပါ

ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှုးဦးရဲနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁)ရက်နေ့တွင် ပြောသည်။

တရုတ်နိုင်ငံမှ ပြန်လာသူများကို အထူးဒေသ (၄)မိုင်းလားရှိ မိုင်းယန်းတွင် Quarantine ထားသူများအနက်မှ (၂၁)ရက် ပြည့်သွားသူများစာရင်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရှမ်းပြည်နယ်အစိုးရထံ တင်ပြပြီး မေလ (၁)ရက်နေ့၌ ကျိုင်းတုံဘက်မှ စီစဉ်ပေးသည့် ကားများဖြင့် သွားရောက် ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

 ဒီနေ့ စုစုပေါင်း (၅၀၀)ကျော်ကို ကား (၁၁)စီးနဲ့ သွားခေါ်ပါတယ်။ မိုင်းယန်းကနေ မနက် (၇)နာရီလောက်ကို ထွက်နိုင်အောင် မနေ့ ညကတည်းက ကားတွေ ဒီဘက်ကနေ ပို့ထားပါတယ်။ ဒါပေမဲ့ ဟိုဘက် ဆီလူးနဲ့ မိုင်းလားကြားထဲမှာ  တောင်ပြိုတဲ့အတွက်ကြောင့်  ရောက်တာ နောက်ကျသွားတယ်။  မိုင်းယန်းကနေ (၁၁)နာရီ မိနစ် (၂၀)လောက်မှ ထွက်နိုင်တယ်။ ရောက်လာတာလည်း နောက်ကျတော့ ကျိုင်းတုံရောက်တာနဲ့ စေတနာရှင်တွေ စုပေါင်းလှူဒါန်းတဲ့ နေ့လယ်စာ ကျွေးမွေးတယ်။ တရုတ်ငွေလဲဖို့ လိုတဲ့သူတွေကို ငွေလဲဖို့ စီစဉ်ပေးတယ်။ မူးဝေနေတဲ့သူတွေပါတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်။ ပြီးတာနဲ့  တောင်ကြီးဘက် ဆက်ထွက်ရမယ့် (၅၀၀)ကျော်ကို (၅)နာရီ (၄၅)မိနစ်မှာ ကျိုင်းတုံက ထွက်သွားပါတယ်။ သွားကြိုတဲ့ ယာဉ်တွေကလည်း တာချီလိတ် - တောင်ကြီး  ပြေးနေတဲ့ယာဉ်တွေကို  ကျွန်တော်တို့က ညှိနှိုင်းပြီး သွားကြိုပေးပါလို့ ပြောထားတာပါ။ တစ်ဦးကို သုံးသောင်းကျပ်ကတော့ သူတို့စရိတ်နဲ့ပေါ့။ ရှမ်းရှေ့က စုစုပေါင်း (၂၀) လောက်ပဲ ပါတယ်။ တောင်ကြီးကို (၅၀၀)ကျော်ပို့ရပါတယ်။ တောင်ကြီးရောက်သွားရင် ပြည်နယ်ကို ကျွန်တော်တို့ ပေးပို့ထားတဲ့ စာရင်းပေါ်မူတည်ပြီး ပြည်နယ်ကဆက်ပြီး စီစဉ်ပေးမှာဖြစ်ပါတယ်

ဟု ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှုးဦးရဲနိုင်က ပြောသည်။

မိုင်းလားဒေသဘက်မှ ပြန်လာသည့် (၅၆၆) ဦးကို နေရပ်ဒေသအသီးသီးပြန်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများ၏ အစီအမံဖြင့် ပုဂ္ဂလိကယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီမှ တောင်ကြီးအထိ အရောက်ပို့ဆောင်ခြင်း၊ အစားအသောက်များ စီစဉ်ပေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ ပံ့ပိုးခြင်းများကို ဒေသတာဝန်ရှိသူများ၊ ဒေသခံများ၊ ကျိုင်းတုံတက္ကသိုလ်မှ ပါ​မောက္ခချုပ်ဆရာမကြီးနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်​ခြေနီတပ်ဖွဲ့ဝင်များ၊ ပညာ​ရေးဝန်ထမ်းများ နှင့်  လူငယ်စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီပေးခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - Aung Naing Win,   Wunna Soe, Covid - 19 Prevention Volunteers Group - KengTung Tsp


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~